မွန်ပြည်သစ် ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့် တွေ့ဆုံကြဦးမည်

မွန်ပြည်သစ် ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့် တွေ့ဆုံကြဦးမည်
by -
မင်းထက်အောင်
နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် မော်လမြိုင်မြို့တွင် တွေ့ဆုံဆွေးနွေး ကြလိမ့်မည်ဟု မွန်ပြည်သစ် အရာရှိအချို့ထံမှ...

နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် မော်လမြိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေး ကြလိမ့်မည်ဟု မွန်ပြည်သစ် အရာရှိအချို့ထံမှ သိရသည်။

သို့သော် တရားဝင်ထုတ်ဖေါ် ပြောဆိုခွင့်မရှိသဖြင့် တွေ့ဆုံမည့် ရက်စွဲအတိအကျကို မပြောကြားခဲ့ပေ။ အကဲခတ်များကမူ လာမည့်သီတင်းပတ်တွင် တွေ့ဆုံနိုင်ဖွယ် ရှိသည်ဟု ယူဆနေကြသည်။

နအဖအနေဖြင့် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန် ခေါင်းဆောင်သော ထိပ်ပိုင်းဗဟိုအလုပ်အမှုဆောင်(၉) ဦးနှင့် မပျက်မကွက်တွေ့ဆုံလိုသည်ဟု ရတခတိုင်းမှူး အကြောင်းကြားခဲ့ကြောင်း သိရသည်။

မည်သို့ပင်တောင်းဆိုစေကာမူ ဤတွေ့ဆုံပွဲကို မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာတက်ရောက်လိမ့်မည်မဟုတ်ဟု ၄င်းတို့ပါတီအသိုင်းအဝိုင်းမှ ပြောဆိုနေကြသည်။

ယမန်နှစ်မတ်လဆန်းပိုင်း၌ မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် စရဖညွှန်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်တို့ ရတခတွင်တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ် ပြောင်းလဲသွားရေးကို နအဖမှ ပထမဆုံးအကြိမ် တောင်းဆိုခဲ့သည်။ ယခုအခါ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် နယ်ခြားတပ်ပြောင်းလဲသွားရေးကို စရဖညွှန်ချုပ် တောင်းဆိုခဲ့သည့်အတိုင်း မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလက်မခံ၊ ငြင်းပယ်ခဲ့သဖြင့် နောက်ပိုင်းတွင် ရတခ တိုင်းမှူးကသာ အကြိမ်ကြိမ် ဆက်လက်တောင်းဆိုခဲ့သည်။

ယခုလမတ်လတတိယပတ်တွင် မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် ပုံမှန်အစည်းဝေးကျင်းပရန် ရည်ရွယ်ထားသော်လည်း ယခုတွေ့ဆုံပွဲကြောင့် အစည်းအဝေး ရွှေ့ဆိုင်းလိုက်ရသည်ဟု သိရသည်။

ယခုတွေ့ဆုံပွဲသည် နအဖမှမွန်ပြည်သစ်ပါတီအား အပြင်းအထန်ဆုံး ဖိအားပေးအကြပ်ကိုင်လာတော့မည့် ဆွေးနွေးပွဲဖြစ်နိုင်သည်ဟု အကဲခတ်များ ယူဆနေကြသည်။

နအဖတပ်ဖွဲ့အချို့သည်လည်း ဝင်ရောက်ခွင့်မရှိသည့် မွန်ပြည်သစ်ပါတီ ဒေသအစိတ်အပိုင်းအချို့တွင် အကြောင်းပြချက်မရှိဘဲ ဖြတ်သန်းဝင်ရောက်ခဲ့သည်ကို ယခင်ကောင်းဝါသတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

မွန်ပြည်သစ်ပါတီတွင် ဗဟိုကော်မတီဝင်(၂၇) ဦး၊ အရန်(၅) ဦးဖြင့်ဖွဲ့စည်းထားသည်။ တင်းပြည့်ပါတီဝင်ဦးရေ (၇၀၀) ခန့်ရှိပြီး စုစုပေါင်းအင်အား (၃၅၀၀)ခန့်ရှိသည်ဟု ယခုနှစ် စစ်အစိုးရထံပေးပို့သော စာရင်းအရ သိရသည်။

၁၉၉၅ ခုနှစ်၊ စစ်အစိုးရနှင့် အပစ်အခတ်ရယူခဲ့စဉ်တွင် တပ်ဖွဲ့ဝင်အင်အား (၇၈၆၀) ဦးရှိသည်ဟု ထုတ်ပြန်သောစာရင်းများတွင် ပါရှိခဲ့သည်။