သစ်ကား ရာချီ တရုတ်ဘက် ခိုးထုတ်နေ

သစ်ကား ရာချီ တရုတ်ဘက် ခိုးထုတ်နေ
သျှမ်းပြည်မြောက်ပိုင်း မဘိန်း၊ မိုးမိတ်မြို့နယ်နှင့် ကချင်ပြည်် ရွှေကူ၊ မံစီမြိုနယ်များရှိ ကြိုးဝိုင်းသစ်တော အတွင်း မှ ကျွန်းသစ်ကားအစီး ရဝဝ ကျော် ယခုတစ်ပတ်အတွင်း တရုတ်နယ်စပ်သို့ ...

သျှမ်းပြည်မြောက်ပိုင်း မဘိန်း၊ မိုးမိတ်မြို့နယ်နှင့် ကချင်ပြည်် ရွှေကူ၊ မံစီမြိုနယ်များရှိ ကြိုးဝိုင်းသစ်တော အတွင်း မှ ကျွန်းသစ်ကားအစီး ရဝဝ ကျော် ယခုတစ်ပတ်အတွင်း တရုတ်နယ်စပ်သို့ ခိုးထုတ်တင်ပို့ကြောင်းသိရသည်။ ကချင်ပြည်နယ် သစ်တောညွန်ချုပ် ဦးအေးမြင့်မောင်၏သားနှင့် အောင်မိုင်ကုမ္ပဏီတို့က သျှမ်းပြည် (မြောက်ပိုင်း ) နမ့်ခမ်းမြို့ တစ်ဘက်ကမ်း တရုတ်ပိုင် နောင်တောင်းရွာအထိ မတ်လ ၅ ရက်နေ့က စတင် ပို့ဆောင်နေ ကြောင်း သစ်ကုန်သယ် အသိုင်းအဝိုင်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နမ့်ခမ်း - ဗန်းမော်လမ်းကြောင်းအတိုင်း ကယ်ရီလမ်းများမှတဆင့် တစ်ညလျှင် ကားအစီး ၅ဝ မှ ၁ဝဝ ကျော်အထိ စဉ်ဆက်မပြတ် သယ်ယူနေရာ ယမန်နေ့ညက ကားအစီး ၁ဝဝ ခန့်ထပ်မံ ဝင်ရောက်ခဲ့ကြောင်း သစ်ကုန်သယ် တစ်ဦး က ဆိုသည်။

“အေးမြင့်မောင်ရဲ့ သားလုပ်တာက ကျွန်းချည်းပဲ ကချင်ပြည် မံစီ၊ ရွှေကူ၊ သျှမ်းပြည် မိုးမိတ်မြို့နယ်ကနေ သယ်နေတာ ကိုက်ထိပ်တပ်စခန်း ခမရ ၃၁၇ က နမ့်ဖား မှာ ကားတစ်စီး ၅ သိန်း ယူတယ် သစ်ဖြတ်လမ်းက ၂ဝ လောက်ရှိတယ် စောင့်နေတဲ့ စစ်သားတွေ ကားတစ်စီးကို ၃ သောင်းကနေ ၅ သောင်းအထိ ယူတယ် ” ဟု သူက ဆိုသည်။

သျှမ်းပြည်ရှိ မဘိန်း မိုးမိတ်မြို့နယ်သည် စစ်တိုင်းအရ  မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် ကွပ်ကဲမှု လက်အောက်တွင်ဖြစ်ပြီး ကားအစီးလိုက် သစ်ခိုးထုတ်ခွင့်ပြရရေး အတွက် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းထံ လာဘ်ထိုးရကြောင်း သူက ဆိုသည်။

“အောင်မိုင်ကုမ္ပဏီ ဦးအောင်တိုးက ကျပ်သိန်း ၁၅ဝဝ တန်တဲ့ရွေချောင်းတွေကို မပခတိုင်းမှူး ကိုပေးထားတော့ ပြီးခဲ့တဲ့သောကြာနေ့က သစ်ကားတွေ စဝင်တာပေါ့ဗျာ၊ အစီး ရ၀၀ စာပေါ့၊ ရ၀၀ ဆိုပေမဲ့ နောက်ထပ်သွင်း နေတုန်းပဲ” လို့ ဆိုသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စ၍ တရုတ်နယ်စပ်ဘက်သို့ ခိုးထုတ်သစ်တင်ကားများ အခက်အခဲရှိလာသဖြင့်ဆိုင် ကယ်များဖြင့် တစ်နိုင်တစ်ပိုင် သယ်သူပိုများကြောင်း မံစီမြို့မှ သစ်ကယ်ရီသမားက ပြောသည်။

“နောင်တောင်းအထိ ဆိုင်ကယ်နဲ့ သယ်တဲ့သူများတယ်၊ အတိုတွေပေါ့၊ တစ်စီးကို အတုန်း ၂ဝ လောက်နိုင်တယ်၊ ကယ်ရီခက ကျွန်းတစ်တုန်း တစ်သောင်းပေးတယ်၊ လမ်းမှာကိုယ့်ဟာကိုယ် ကြည့်ရှင်းပေါ့၊ ဖမ်းတာများလို့ ကားအစီး လိုက်သယ်တာ ရှားသွားပြီ  သယ်ရင်လည်း ပီကင်းဂျစ်တို့ ထော်လာဂျီ တို့ ကားအသေးတွေနဲ့ပဲ သယ်ကြတာ ” ဟု ဆိုသည်။

လူကြီးခရီးစဉ်အတွင်း နယ်မြေခံ အာဏာပိုင်များက ကယ်ရီလမ်းကြောင်းများ ပိတ််ဆို့ဖမ်းဆီးမှု ပြုလုပ်လေ့ ရှိရာ လွန်ခဲ့သည့် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ ဒု ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ဗန်းမော်ခရီးစဉ်တွင် မံစီနယ်တစ်ဝိုက်သစ်ကား ၂၄ စီးခန့် အဖမ်းခံရ ကြောင်း သိရသည်။

လွန်ခဲ့သည့် လလယ်ပိုင်းက မိုးမိတ်စစ်ဗျူဟာ လက်အောက်ခံ နအဖတပ်များက သစ်မှောင်ခိုဖမ်းရေးအကြောင်း ပြ၍ ရွှေကူနှင့် မံစီမြို့နယ် အတွင်းရှိ  ကေအိုင်အေ (ကချင်ပြည်လွပ်လပ်ရေးတပ်မတော်) တပ်ရင်း ၂၇ ၊ ၁ ၊ ၁၂ နယ်မြေအတွင်း ဝင်ရောက်လာသဖြင့် နအဖစစ်တပ်နှင့် ကေအိုင်အေတပ်များ နှင့် တင်းမာမှုရှိခဲ့ကြောင်း ကေအိုင် အေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“နအဖတပ်တွေ ကေအိုင်အေနယ်မြေထဲ သစ်ဝင်ရှာမယ်ဆိုတော့ ကေအိုင်အေကသစ်က မိုးမိတ်၊ မံစီ၊ ရွှေကူ၊မိုင်းခေါင်နယ် ဘက်ကလာတာ၊ ဒီမှာသစ်မရှိဘူးပေါ့၊ ဒါကြောင့် မဝင်နဲ့ဆိုတော့ မဟုတ်ဘူးငါတို့ကသစ်ခုတ်တဲ့ လူတွေကို လိုက်ရှာရမယ် ဆိုပြီးပြောတယ် ”

“ကေအိုင်အေက ခင်ဗျားတို့ မရှာမနေရဆိုလည်းရှာပေါ့၊ မိုင်းထောင်ထားတယ်လေ - ဖြစ်လာတဲ့ ပြဿနာကျနော် တို့နဲ့မဆိုင်ဘူးပေါ့၊ ကျနော်တို့ပိုင်တဲ့ရွာထဲတော့ မဝင်နဲ့ဝင်ရင်ပစ်မှာပဲဆိုပြီးတော့တော်တော်လေး တင်းတင်းမာမာ ဖြစ်တာ” ဟု နီးစပ်သူက ပြောသည်။

၂ဝဝ၉ အတွင်း မဘိန်းနှင့်မံစီမြို့နယ်များအတွင်းရှိ ကြိုးဝိုင်းသစ်တောများမှ သစ်လုပ်ကွက်များ၌ နအဖ အာဏာပိုင်များနှင့် နီးစပ်သည့် ကုမ္ပဏီများအား လုပ်ပိုင်ခွင့်ချထားကြောင်းသိရသည်။