အရှင်ဥက္ကံသ အဖမ်းခံရပြီးနောက် လူငယ်များ လှုပ်ရှားမှု ကျဉ်းကြပ်လာ

အရှင်ဥက္ကံသ အဖမ်းခံရပြီးနောက် လူငယ်များ လှုပ်ရှားမှု ကျဉ်းကြပ်လာ
မွန်သံဃာတော်အရှင်ဥက္ကံသ အဖမ်းခံရပြီးနောက်ပိုင်း မွန်လူငယ်အတွင်းလှုပ်ရှားမှုများအပေါ် စရဖတို့၏ စောင့်ကြည့်မှုခံနေရကြောင်း မွန်လူငယ်အဖွဲ့တို့၏ ပြောပြချက်အရ သိရသည်။ ...

မွန်သံဃာတော်အရှင်ဥက္ကံသ အဖမ်းခံရပြီးနောက်ပိုင်း မွန်လူငယ်အတွင်းလှုပ်ရှားမှုများအပေါ် စရဖတို့၏ စောင့်ကြည့်မှုခံနေရကြောင်း မွန်လူငယ်အဖွဲ့တို့၏ ပြောပြချက်အရ သိရသည်။

“ကျနော်တို့မွန်လူငယ်တွေ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးဖို့ မွန်ဝတ်စုံနဲ့သွားတာကို စရဖတွေက စောင့်ကြည့်နေကြတယ်၊ အရှင်ဥက္ကံသအဖမ်းခံရပြီးတော့ ကျနော်တို့လူငယ်တွေ ဘာမှကို လှုပ်ရှားလို့မရတော့ဘူး၊ နောက်ကနေ တကောက်ကောက်ပဲလိုက်ကြည့်နေတယ်” ဟု မွန်လူငယ်အဖွဲ့ ဦးဆောင်သူတစ်ဦးက ပြောသည်။

ယခုလို နွေရာသီရောက်ရှိလာချိန်မှာ မွန်တို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာအရ ဒေသအသီးသီး၌ ပွဲတော်များဖြင့်စည်ကားစွာကျင်းပချိန်မှာ မွန်လူငယ်တို့က မိမိတို့၏ ရိုးရာမွန်ဝတ်စုံဖြင့်သာ ဝတ်ဆင်နေကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ရ ရက်နေ့က သံဖြူဇရပ်မြို့ပေါ်မှာ အရှင်ဥက္ကံသ အဖမ်းခံရပြီးနောက် မွန်လူငယ်များ အုပ်စုဖွဲ့ပြီး ရိုးရာမွန်ဝတ်စုံဖြင့် သွားလာနေမှုအပေါ် စရဖတို့က သွားလေရာမှာ လိုက်လံစောင့်ကြည့်နေကြောင်းသိရသည်။

“မနေ့ကတောင် ကျနော်တို့ ဘုရားထီးတော်တင်ဖို့အတွက် လူငယ်အယောက် ၅၀ ခန့်ကို ဆိုင်ကယ်နဲ့သွားကြတာ အဲဒါကို စရဖတွေက လာရောက်စစ်ဆေးတာရှိ ဒါပေမယ့် ကျနော်တို့ကို တိုက်ရိုက်တော့မစစ်ဘူး၊ ကျနော်တို့နဲ့ ခပ်ဝေးဝေးမှာနေနေပြီးတော့ အဲဒီဘေးက လူတွေကို မေးမြန်းနေတယ် အဲလို မေးမြန်းပြီးတော့ သူတို့က ဘာမှမပြောပဲနဲ့ ထွက်သွားကြတယ်” ဟု မုဒုံမြို့မှ မွန်လူငယ်တစ်ဦးက ပြောသည်။

သံဃာတော်အား ဖမ်းဆီးခဲ့စဉ်က လက်ဆွဲကွန်ပျူတာတစ်လုံး၊ ဗွီဒီယိုကင်မရာတစ်လုံး၊ ဒစ်ဂျစ်တယ်အိတ်ဆောင်ကင်မရာတစ်လုံးနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ စာရွက် ၄ ရွက်နှင့်အတူ အဖမ်းခံရသည်။