စစ်အစိုးရနှင့် အပစ်ခတ် ရပ်ဆဲခြင်း မပြုသေးသော ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ကေအာန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးမှ ဝင်ထွက် လှုပ်ရှားနေသည့် ကရင်ပြည်နယ် နယ်မြေဒေသများတွင် ယခုအခါ စစ်အစိုးရတပ်များမှ ထိုးစစ်ဆင်မှု ပိုမို များပြားလာသည်ဟု ကေအာန်ယူဘက်မှ ပြောပါသည်။ ဤကဲ့သို့ ထိုးစစ်ဆင် ခံခဲ့ရသည့်အအတွက် ဒေသခံကျေးရွာ သားများအနေနှင့် အစိုးရတပ်ဖွဲ့များ၏ ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့် အရေးချိုးဖေါက်မှု ပို၍ခံနေရသည်ဟု ကေအာန်ယူ တပ်မဟာ(၆)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေ က ကောင်းဝါသတင်းဌာနကို ယခုလို ပြောပါသည်။
“မတ်လ(၂)ရက်နေ့မှာ ကြာအင်းဆိပ်ကြီး မြို့နယ်လှုပ်ရှားနေတဲ့ ဗျူဟာစစ်ဗျူဟာ(၁)မှာ တောင်ဝိုင်းရွာထဲကုုိဝင်ပြီးတော့အဲဒါရွာ သား(၇)ဦး(၈)ဦးကိုထိုးတယ်၊ကန်တယ် ပြီးလို့ရှိရင် ရိုက်တယ်၊နှက်တယ်။ အသဲအသန် ဖြစ်လုနီးဖြစ်တယ်။ ပြီးလို့ရှိရင် ထုထောင်း ခံရတဲ့လူတွေလဲ ပေါ်တာအထမ်းကို ဟိုလေးပင်တဲ့ အထမ်းကိုလည်းထမ်းရသေးတယ်။ ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှာ ခေးပူကျေးရွာအခြေစိုက် နအဖစစ်တပ်ကနေ နံနက် (ဝ၉း၄၇) အချိန်တွင် သေသူးခီး ပြည်တွင်းဒုက္ခသည်များ ယာယီစခန်းနေရာ တရူချောင်းဝသို့ လက်နက်ကြီးတစ်လုံး ပစ်ချခဲ့တယ်။ ကျောင်းဝန်းကျင်မှာ လက်နက်ကြီးကျည်ပြုတ်ကျပြီး ကျောင်းသား(၃)ဦး ထိမှန်သွား ခဲ့တယ်။ (၁) စောရီဘီထူ အသက် (၁၅)နှစ်တစ်ဦးက ဖေဖေါ်ဝါရီ (၂၁)ရက်နေ့ မနက် (၃)နာရီ (၁၅) မိနစ် အချိန်မှာ အသက် ဆုံးရှံုး သွား ခဲ့တယ်။ စောဆာကပရူ အသက် (၈)နှစ်ကျောင်းသားတစ်ဦးက လက်မောင်းမှာ လက်နက်ကြီးကျည်ထိမှန်သွားတယ်။ စောအယ်ကော်တော အသက် (၈)နှစ် တစ်ဦးက ပေါင်ကိုထိမှန်သွားခဲ့တယ်။ အဲဒီလိုပစ်ခတ်တာဟာ ဒါ လူမျိုးတုံးစစ်ဆင်ရေးပဲလုုိ့ ကျွန်တော် သုံးသပ်မိတယ်။ ဒီတပ်မဟာ(၆)မှာဆိုလို့ရှိရင် ဒေသတစ်ခုလုံးမှာ မကြာခဏတိုက်ပွဲငယ် ပြောက်ကြားများ အဲဒါမကြာ ခဏဖြစ်တယ်။”
စစ်အစိုးရတပ်မှ ထိုးစစ်ဆင်မှု ပိုပြီးပြုလုပ်သည့်အကြောင်းအရင်းနှင့်ပက်သက်၍ ကေအာန်ယူ တပ်မဟာ (၆)မှ ပြောရေးဆို ခွင့်ရှိသူဗိုလ်ကြီးစောထဲနေက ယခုလိုဆက်လက်ပြောဆိုခဲ့ပါသည်။
တပ်မဟာ(၅)ဘက်မှာဆိုရင် ဇန်နဝါရီလ(၆)ရက်နေ့မှာ တပ်မဟာ(၅)က ဒေါကျုကြိုး နအဖ မိုက်ခရိုဝေ့ ဆက်သွယ်ရေးအရေးကြီးတဲ့စခန်းတစ်ခုကို သိမ်းပိုက်ဖျက်စီးပြီးတဲ့နောက်မှာ နအဖနဲ့ DKBA တပ်တွေ ဤဒေသအပေါ်မှာ ရွာသားတွေအပေါ်ကို ရက်စက်လာတာတွေ့ရတယ်။ KNU ဗဟိုသတင်း ထုတ်ပြန်ချက်အရ ဆိုလို့ရှိရင် (၂ဝ၁ဝ) မှာ တပ်မဟာ(၁)၊ တပ်မဟာ (၂)၊ တပ်မဟာ (၃)၊ တပ်မဟာ(၅)၊ နယ်မြေအတွင်းထဲမှာ တိုက်ပွဲတွေများ လာတယ်လို့တွေ့ရတယ်။
(၂ဝ၁ဝ)နှစ်ဆန်းပိုင်းမှစ၍ စစ်အစိုးရမှ ထိုးစစ်ဆင်ခဲ့သောကြောင့် ဒေသခံကျေး ရွာသားတွေအနေနှင့် နေရပ်ကိုစွန့်ခွါတိမ်းရှောင်နေရသလို တောတောင်ထဲတွင် ပုန်းအောင်းနေ ရသည်ဟု ကရင်လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူများမှဆိုပါသည်။ ဤကဲ့သို့ စစ်အစိုးရနှင့် ကေအာန်ယူတို့၏ လက်နက်ကိုင်ပဋိပက္ခ အကြားတွင် ကရင်ပြည်နယ်အတွင်းမှာရှိသည့် ဒေသခံ ကျေးရွာသားများအနေနှင့် နေရပ်ကိုစွန့်ခွါနေရပြီး လူ့အခွင့်အရေးတွေချိုးဖေါက်ခံနေရဆဲဟု ပြည်တွင်းဌာနေ စွန့်ခွါရသူများကော်မီတီ တစ်ဦးမှ ပြောပါသည်။