မလေးရှားနိုင်ငံတွင် ယူအမ် မှတ်ပုံတင်သွင်းခွင့် ထပ်ပေးသွားမည်ဟု သတင်းရရှိ

မလေးရှားနိုင်ငံတွင် ယူအမ် မှတ်ပုံတင်သွင်းခွင့် ထပ်ပေးသွားမည်ဟု သတင်းရရှိ
by -
မင်းအာသံ
မတ်(ချ်) လမှစ၍ မလေးရှားနိုင်ငံရောက် မွန်ရွေ့ပြောင်း အလုပ်သမားများအတွက် ယူအမ် မှတ်ပုံတင်သွင်းခွင့် ရမည်ဟု သတင်းထွက်နေခြင်းကြောင့် တင်သွင်းလိုသည့် မွန်ရွေ့ပြောင်း အလုပ်သမားများကို မလေးရှားနိုင်ငံ ...

မတ်(ချ်) လမှစ၍ မလေးရှားနိုင်ငံရောက် မွန်ရွေ့ပြောင်း အလုပ်သမားများအတွက် ယူအမ် မှတ်ပုံတင်သွင်းခွင့် ရမည်ဟု သတင်းထွက်နေခြင်းကြောင့် တင်သွင်းလိုသည့် မွန်ရွေ့ပြောင်း အလုပ်သမားများကို မလေးရှားနိုင်ငံအခြေစိုက် မွန်လူမှုရေး အကူအညီပေးရေး အသင်းတို့့မှ ဝိုင်းဝန်းပြီး စာရင်းကောက်ပေးနေကြောင်း မွန်လူမှုရေး အကူအညီပေးရေး အသင်းမှ ဒု-ဥက္ကဋ္ဌ နိုင်ဒဏ္ဍာရီက ပြောသည်။

“မွန်လူမှုရေးအဖွဲ့ကနေ စာရင်းတွေ လိုက်ကောက်နေတယ်၊ မွန်ရွေ့ပြောင်းအလုပ်သမားတွေအကြားမှာပေါ့၊ ဒါပေမယ့် ဘယ်နေ့့ချပေးမလဲတော့ ရက်အသိအကျ သေသေချာချာ မသိသေးဘူး၊ နောက်ပြီး လူဘယ်နှစ်ယောက် တင်သွင်းခွင့် ပေးမလဲဆိုတာကိုလည်း မသိသေးဘူး၊ ထင်တာကတော့ ထောင်ကျော်ဖြစ်နိုင်မယ်” ဟု ၄င်းက ပြောသည်။

မလေးရှားနိုင်ငံမှာ အခက်ခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မွန်ရွေ့ပြောင်းအလုပ်သမားများအပါအဝင် တိုင်းရင်းသားရွေ့ပြောင်းအလုပ်သမားများကိုလည်း ယခုလမှစပြီး ယူအမ်မှတ်ပုံတင်သွင်းခွင့် ပေးသွားမည်ဟု သိရသည်။

ယူအမ်မှတ်ပုံတင်သွင်းလိုသည့် ရွေ့ပြောင်းအလုပ်သမားများသည် အကယ်၍ ကိုယ့်လူမျိုး၏အသိမှတ်ပြုကဒ်ပြားမရှိပါက (UNHCR) ရုံးမှ ချပေးထားသော မှတ်ပုံတင်ခွင့်ပုံစံ လက်ခံရရှိနိုင်မည်မဟုတ်ကြောင်း နိုင်ဒဏ္ဍာရီက ဆက်ပြောသည်။

“မွန်ဆို မွန်လူမျိုးရဲ့ အသိအမှတ်ပြုကဒ်ပြားရှိရမယ်၊ ကိုယ့်လူမျိုးရဲ့ အသိအမှတ်ပြုကဒ်ပြား မရှိဘူးဆိုရင်  (UNHCR) ရုံးက ချပေးတဲ့ မှတ်ပုံတင်ခွင့်ပုံစံကို မရဘူး၊ ဒါဟာ အဓိက လိုအပ်ချက်တခုဖြစ်တယ်” ဟု ၄င်းက ပြောသည်။

မလေးရှားနိုင်ငံမှာ တဝမ်းစာအတွက် ရုန်းကန်လုပ်ကိုင်နေသော တိုင်းရင်းသားရွေ့ပြောင်းအလုပ်သမားများသည် တနေ့တစ်ခြား ပိုမိုများပြားစွာ ဖမ်းဆီးမှုများသောကြောင့် ၄င်းတို့က ကြောက်ရွံ့နေရသည်ဟု မလေးရှားနိုင်ငံမြို့ထဲ စားသောက်ဆိုင်တစ်ဆိုင်မှာ လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“အခုတလောအခြေနေက တော်တော်လေးကို ဆိုးနေတယ်၊ ဖမ်ဆီးမှုကလဲ များနေတယ်၊ ညကပဲ အော်ပရာစီလို့ခေါ်တဲ့ အဖွဲ့ပေါင်းစုံတွေ ကျနော်တို့ရဲ့ဆိုင်ကို လာပြီးကြည့်သွားတယ်၊ လုပ်တော့ ဘာမှလုပ်မသွားပါဘူး၊ ဒါပေမယ့် ကျနော်ကတော့ ကြောက်ပြီး ရှောင်ပြေးခဲ့ရတယ်၊ ကိုယ့်ရဲ့လုံခြုံမှုကို ယူပေးတဲ့ဆိုင်ရှိသလို မယူပေးတဲ့ဆိုင်တွေလဲရှိတယ်၊ တာဝန်မယူပေးတဲ့ ဆိုင်မှာ အလုပ်လုပ်နေတဲ့လူတွေအတွက်တော့ ညညဆို ရှောင်ပြီးအိပ်နေရတယ်” ဟု ၄င်းက ပြောသည်။

မလေးရှားနိုင်ငံတွင် အော်ပရာစီဟုခေါ်သည့် အဖွဲ့ပေါင်းစုံတို့က မလေးရှားနိုင်ငံ ဒေသအသီးသီးရှိ ရွေ့ပြောင်းအလုပ်သမားများကို လိုက်လံဖမ်းဆီးနေသောကြောင့် အဆိုပါ ဒုက္ခနှင့် ရင်ဆိုင်ကြံုတွေ့နေရသော မွန်ရွေ့ပြောင်းအလုပ်သမားတချို့ ယူအမ်မှတ်ပုံတင်သွင်းရန် စိတ်ပါလာကြောင်း ၄င်းက ဆက်ပြောသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် မွန်ရွေ့ပြောင်းအလုပ်သမားများအတွက် (UNHCR) ရုံးမှ အလုပ်သမားဦးရေ ၂၀၀၀ ကျော်ကို ယူအမ်မှတ်ပုံတင်သွင်းခွင့်ပေးခဲ့ပြီး၊ ယခုနောက်ထပ် မှတ်ပုံတင်သွင်းခွင့်ပေးမည်ဟု ဆိုထားသော်လည်း ရွေ့ပြေင်းအလုပ်သမားဦးရေ အရေအတွက်ပေးထားခြင်း မရှိသေးကြောင်း သိရသည်။

Most read this week