နယူးဒေလီ (မဇ္စျိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးသည် ပါတီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ယမန်နေ့မှ စတင်၍ ပြန်လည်ထမ်းဆောင်ပြီ ဖြစ်သည်။
“ကျနော်က အကျယ်ချုပ်ကျနေပေမယ့် မီဒီယာတွေ ကျေးဇူးကြောင့် ပါတီဝင်တွေကို အာဏာပိုင်တွေက တရားစွဲ၊ ပြစ်ဒဏ်ချနေတာတချို့တွေမှာ ဥပဒေနဲ့ အညီမဟုတ်တာတွေ ကြားနေရတယ်။ အခု ဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ယူရပြီဆိုတော့ အဲလိုအခြေအနေတွေ နည်းပါးသွားအောင် ကြိုးစားဆောင်ရွက်သွားမှာပါ” ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္စျိမကို ပြောသည်။
အဖွဲ့နှင့် ကင်းကွာနေသည့် ၆ နှစ်တာ ကာလအတွင်း ကျန်အဖွဲ့ဝင်များက တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသည်ကို တွေ့ရသဖြင့် ဝမ်းသာကျေနပ်မိသည်ဟု သူက ဆက်ပြောသည်။
ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက “ဥပဒေ အထောက်အကူပြုအဖွဲ့မှာ ဥက္ကဋ္ဌ ပြန်ရောက်လာပြီဆိုတော့ ကျနော်တို့ အရမ်းအားတက်ပါတယ်။ သူ့မှာက အရင်ကတည်းက အတွေ့အကြံုတွေ အများကြီးရှိတဲ့ အခါကျတော့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါတယ်” ဟု ပြောသည်။
အဖဲဲွ့အနေဖြင့် လက်ရှိလိုက်လံဆောင်ရွက်ပေးနေဆဲ အမှုပေါင်း ၁၅ဝ ခန့်ရှိပြီး ရှေ့ဆက်၍ ပြည်နယ်/တိုင်းများက တောင်းခံလာသည့် ဥပဒေရေးရာ အကူအညီများ ပိုမိုပေးအပ်သွားမည်ဟု ဦးတင်ဦးက ဆိုသည်။
ဥပဒေ အထောက်အကူပြုအဖွဲ့သည် ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီသို့ ဥပဒေရေးရာ အကြံပေးခြင်းနှင့် နိုင်ငံရေးမှုဖြင့် တရားစွဲဆိုခံရသူ ပါတီဝင်များနှင့် ပါတီဝင်မဟုတ်သူများကို အခမဲ့ ရှေ့နေလိုက်ပါဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်သည့် အန်အယ်ဒီပါတီ လက်အောက်ခံ အဖွဲ့ခွဲတခု ဖြစ်သည်။
ဥပဒေပြု အထောက်အကူပြုအဖွဲ့ကို လွန်ခဲ့သည့် ဆယ်စုနှစ်တခုကျော်က ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ အဆိုပြုချက်အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
စတင်ဖွဲ့စည်းကတည်းက ဦးတင်ဦးသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီးနောက် ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ယာယီ ဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။
ကျန်းမာရေးအခြေအနေကြောင့် ယာယီဥက္ကဋ္ဌက တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသဖြင့် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးမှုဖြင့် ပါတီဝင် မဟုတ်သော်လည်း ၁ဝ စုနှစ်တခုကျော်ကြာ အဖွဲ့ချုပ်၏ ဥပဒေရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ ရှေ့နေကြီး ဦးကြည်ဝင်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဒုဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့သည်။
ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့တွင် ဦးတင်ဦး၊ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးသိန်းညွန့်၊ ဦးအောင်သိန်း၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးမြင့်သောင်းနှင့် ဒေါ်ခင်ဌေးကြွယ် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦး ပါဝင်ဖွဲ့စည်းထားသည်။