ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု

ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
by -
စိုင်းဇွမ်ဆိုင်း
ကွန်ပြူတာစက်ဖြင့် ဖတ်၍ စစ်ဆေးနိုင်သော ဘားကုဒ်စနစ်ပါ နိုင်ငံကူး လက်မှတ်သစ်များ ထုတ်ပေးမည့် အစီအစဉ်ကြောင့် နိုင်ငံရပ်ခြားရှိ မြန်မာသံရုံုးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်း ...

ချင်းမိုင် (မဇ္ဈိမ)။    ။ ကွန်ပြူတာစက်ဖြင့် ဖတ်၍ စစ်ဆေးနိုင်သော ဘားကုဒ်စနစ်ပါ နိုင်ငံကူး လက်မှတ်သစ်များ ထုတ်ပေးမည့် အစီအစဉ်ကြောင့် နိုင်ငံရပ်ခြားရှိ မြန်မာသံရုံုးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ပေးခြင်းတို့ကို ဧပြီတလလုံး ရပ်ဆိုင်းထားမှာ ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

“နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးပေးဖို့ ခနရပ်ထားတယ် ဆိုတာတော့ ဟုတ်ပါတယ်။ အဲဒါကလည်း စက်နဲ့ဖတ်တဲ့ ဘားကုဒ်တွေပါတဲ့ စာအုပ်အသစ်တွေ ပြန်ထုတ်ပေးဖို့ကို ခဏဆိုင်းထားတဲ့ သဘောပါ။ သံရုံးတွေအတွက် ကြေငြာချက်လဲ ထုတ်ထားပါတယ်” ဟု နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက မဇ္စျိမကို တယ်လီဖုန်းမှတဆင့် ပြောသည်။

မြန်မာပတ်စ်ပို့မှာ စတင်ထုတ်ပေးသည့်နေ့ရက်မှစ၍ သုံးနှစ်အထိ သက်တမ်းရှိသည်။ သက်တမ်းကုန်ဆုံးလျှင် ဝင်ငွေခွန်ဆောင်ရန်လိုပါက ဝင်ငွေခွန်ဆောင်၍ သက်တမ်းတိုးရသလို ပတ်စ်ပို့အတွင်း စာရွက်လွတ်များကုန်ဆုံးပါက ဝင်ငွေခွန်ဆောင်၍ စာအုပ်သစ်ထုတ်ရသည်။

(၁-၄-၂ဝ၁ဝ) မှ (၃ဝ-၄-၂ဝ၁ဝ) အတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးမည့်သူများကို မတ်လ အတွင်း အပြီးသတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း စင်္ကာပူရှိ မြန်မာသံရုံုးက ထုတ်ပြန်ထားသည်။

ဧပြီလအတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းကုန်မည့်သူများသည် ယခုလအတွင်း သက်တမ်းမတိုးလျှင် မေလတွင် ဒဏ်ငွေဆောင်၍ သက်တမ်းတိုးရမှာဖြစ်သည်။

တချိန်တည်းမှာပင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခများ စင်္ကာပူတွင် ပိုမိုကုန်ကျနေသည်။

ယခင်က နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှင် စင်္ကာပူဒေါ်လာ ၃ဝဝ ခန့်သာပေးရပြီး၊ ယခု ထုတ်ပေးနေသည့် နိုင်ငံကူးလက်မှတ် အသစ်များအတွက် စင်္ကာပူဒေါ်လာ ၄ဝဝ ကျော် ပေးခဲ့ရသည်ဟု ယခုသီတင်းပတ်အတွင်း ပတ်စ်ပို့သက်တမ်းတိုးခဲ့သူတဦးက မဇ္ဈိမသို့ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကလည်း ဧပြီလတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းများ၊ အသစ်ထုတ်ပေးခြင်းများကို ခေတ္တရပ်ဆိုင်းထားမည်ဟု စုံစမ်းသိရှိရသည်။