နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန် ရွှေပြည်သာမြို့နယ် စက်မှုဇုန်များရှိ စက်ရုံ ၃ ရုံတွင် လုပ်ခလစာ တိုးရေးနှင့် အခြားရပိုင်ခွင့်များအတွက် ယမန်နေ့တွင် အလုပ်သမားများ တောင်းဆိုဆန္ဒပြခဲ့ရာ အလုပ်ရှင်များက လိုက်လျောမှုများ ပြသဖြင့် ယနေ့တွင် လုပ်ငန်းခွင်သို့ ပြန်ဝင်နေကြကြောင်း သိရသည်။
စက်မှုဇုန် ၃ ရှိ Grand Royal အရက်ချက်စက်ရုံ၊ စက်မှုဇုန် ၁ ရှိ Super Garment နှင့် ကောင်းချီးမင်္ဂလာ အထည်ချုပ်စက်ရုံများတွင် လုပ်သားများ ဆန္ဒပြခဲ့ရာမှ ယမန်နေ့ နေလည်ပိုင်းတွင် လိုက်လျောမှုများ ရရှိသဖြင့် ပြန်လည်အလုပ်ဆင်းနေကြောင်း အလုပ်သမား အသိုင်းအဝိုင်းနှင့် ဒေသခံများက ပြောဆိုသည်။
“လစာကို ၁၈ဝဝ တိုးသောင်းတယ်။ အဲဒါကို မပေးဘူး။ အရင်က ရက်မှန်ကြေး ၆ဝဝဝ ထဲကို တသောင်း ထပ်တိုးပေးတယ်။ ၂ ရက်ပျက်ကွက်ရင် ရက်မှန်ကြေး မရဘူး။ သင်္ကြန်ပိတ်ရက်အတွက် ဘောက်ဆူး တသောင်း ပေးမယ်။ အဲဒါကို အလုပ်ရှင်က ညှိလို့ အလုပ်သမားတွေက ကျေနပ်ပြီး ဒီနေ့ အလုပ် ပြန်ဆင်းတယ်။ မနေ့က ညနေ့မှာ ရုံးက ဖယ်ရီကားတွေနဲ့ အိမ်တိုင်ရာရောက် လိုက်ပို့ပေးတယ်” ဟု Grand Royal အရက်ချက်စက်ရုံမှ အလုပ်သမားတဦး၏ ဖခင်ဖြစ်သူက မဇ္စျိမကို ပြောသည်။
ရွှေပြည်သာမြို့နယ် ဦးရွှေရိုးလမ်းရှိ Grand Royal မှ အလုပ်သမား ၁ဝဝဝ ကျော်က လစာတိုးပေးရန်၊ အများ ပြည်သူရုံးပိတ်ရက်များတွင် ပိတ်ပေးရန်နှင့် အချိန်ပိုကြေး တိုးပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
Super Garment အထည်ချုပ်စက်ရုံရှိ အလုပ်သမား ၂ဝ ကျော်က အလုပ်သမား ရပိုင်ခွင့်များအတွက် နံနက် ၈ နာရီမှ စတင်၍ ဆန္ဒပြတောင်းဆိုခဲ့ရာ ညနေ ၄ နာရီကျော်တွင် အာဏာပိုင်များဘက်က ဝင်ရောက်ရှင်းပေးသဖြင့် ဖြေလည်မှုများ ရရှိခဲ့သည်။
အလုပ်ရှင်နဲ့ ညှိနှိုင်းပြီးတော့ မနေ့က ညနေပိုင်းမှာ ပြေလည်မှု ရသွားတယ်။ အချိန်ပိုကြေးနဲ့ ရှားပါးစရိတ်တွေ ပေးဖို့ အလုပ်သမားတွေ တောင်းတယ်။ ပထမပိုင်းက အလုပ်ရှင်တွေ တိုးမပေးဘူး။ နောက်ပိုင်းမှာ အာဏာပိုင် အဖွဲ့အစည်းတွေ ရောက်လာမှာ အလုပ်ရှင်နဲ့ ညှိနှိုင်းပြီး ညနေ ၄ နာရီကျော်မှာ ပြေလည်မှု ရခဲ့တယ်။ ဒီနေ့ အလုပ်သမားအားလုံး လုပ်ငန်းခွင် ဝင်တယ်” ဟု အလုပ်သမားများနှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။
Super Garment တွင် အလုပ်သမား ၁ဝဝ ခန့်ရှိပြီး အလုပ်သမားများ၏ တလ ဝင်ငွေမှာ ၃ သောင်းကျော် ရှိပြီး၊ ကုန်စျေးနှုန်း ကြီးမြင့်လာသဖြင့် အချိန်ပိုကြေးနှင့် ရှားပါးစရိတ်များ ပေးရန် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ကောင်းချီးမင်္ဂလာ အထည်ချုပ်စက်ရုံ၌လည်း ယမန်နေ့ နေခင်းပိုင်းမှ စတင်ဆန္ဒပြရာ ညပိုင်းတွင် အချို့တဝက်ကို အလုပ်ရှင်ဘက်က လိုက်လျောသဖြင့် ပြေလည်မှု ရရှိခဲ့သဖြင့် ယနေ့တွင် အလုပ်ပြန်ဆင်းနေကြကြောင်း ဒေသခံတဦးက ပြောသည်။
ပြီးခဲ့သည့် လအတွင်း ရန်ကုန်တွင် ၁ဝ ကြိမ်ထက်မနည်း အလုပ်သမား သပိတ်များ ဖြစ်ပွားခဲ့ရာ အလုပ်သမား ထောင်ပေါင်းများစွာ ပါဝင်ဆန္ဒပြခဲ့ကြသည်။