နွေကာလတွင် ဧရာဝတီမြစ်ရေ ခမ်းခြောက်လာမှုကြောင့် ကချင်ပြည်နယ်ဗန်းမော်မြို့ရှိ သတ်မှတ်ဆိပ်ကမ်း၌ မြစ် ကြောင်းအတွင်း မန္တလေး - ဗန်းမော် ပြေးဆွဲနေသော သင်္ဘောများ မဆိုက်ကပ်နိုင်တော့ဟု သိရသည်။
၂၀၀၈ ခုနှစ်မှစ၍ ဗန်းမော်မြို့မှ နှစ်နာရီခန့်သွားရသည့် နေရာတွင် သင်္ဘော ဆိုက်ကပ် နေရပြီး မိုးတွင်းကာလ နှစ်လခန့်သာ မြို့လယ်ရှိ သတ်မှတ်ဆိပ်ကမ်း၌ ဆိုက်ကပ်နိုင်ကြောင်း မြို့ခံ ကုန်သည်တစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။
“အခုက မြို့ကနေ နှစ်နာရီလောက်သွားရတဲ့ ခွန်သာ တပ်ကလေးလို့ ခေါ်တဲ့ နေရာမှာ ကပ်တယ် ကုန်တွေကို မော်တော်တွေ ထော်လာဂျီတွေနဲ့ ပြန်ကဲ့ရတယ် ဆိပ်ကမ်း သတ်မှတ်ထားတာက မြို့လယ်မှာရှိတဲ့ အလယ်ရပ် ကွက် ဆိပ်မှာလေ အဲဒီမှာ ဘာမှ ကဲ့စရာမလိုဘူး ဝေးတော့ သွားရေးလာရေး ခက်ခဲပြီး အချိန်ကုန် လူပမ်းဖြစ်တာ ပေါ့ ” လို့ ပြောသည်။
ယခင်က တပေါင်း တန်ခူးကာလတွင် မိုးဆော့၍ မြစ်ရေတက်လေ့ရှိသော်လည်း ယခု မြစ်အတွင်း သဲသောင်များ ပေါ်ထွန်းနေပြီး မြစ်ရေဖျာ၍ စီးဆင်းရသဖြင့် ချောင်းတစ်စင်းနှင့် အလားတူကြောင်း သိရသည်။
“တပေါင်း တန်ခူးလောက်ဆို ပုံမှန်က ရေတော်တော်တက်နေတာလေ အခု မြစ်က ချောင်းပုံစံမျိုးဖြစ်နေတယ် မိုး သဲသဲ ၂ ရက် ၃ ရက်ဆက်တိုက်ရွာရင် မြစ်ရေတက်လာတယ် မိုးမရွာတော့ရင် ရေကရုတ်တရက်ထိုးကျသွားပြီးချောင်းလိုပြန်ဖြစ် သွားတယ် ” လို့ သူက ဆိုသည်။
နွေနှင့်ဆောင်းတွင် မြစ်အတွင်း ပေါ်ထွန်းလာသည့် နုန်းတင်မြေနုကျွန်းများသည် မိုးကာလ၌ ရေနစ်မြုပ်ခြင်း မရှိ သဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သော ဒေသခံတောင်သူများလည်း အခက်အခဲ ဖြစ်နေရသည်။
ဧရာဝတီမြစ် (photo:public.fotki.com)
“အရင်တုန်းက ဆောင်းရာသီဆို ကျွန်းတွေပေါ်တယ် မိုးရာသီမှာ ရေပြန်မြုတ်တယ် အခုက ရေမမြုတ်တော့ဘူး ရေ မမြုတ်တဲ့အတွက် နှုန်းမတက်တော့ မြေဆီတွေ မကောင်းဘူး ဒီကြားထဲ မိုးကမမှန်တော့ အခုတောင်သူတွေ စိုက်ပျိုးရေး လုပ်ငန်းတွေ ရှုံးကြတယ် ” လို့ ဒေသခံ တောင်သူတစ်ဦးက ဆိုသည်။
ထို့ပြင် အင်းအိုင်များ ကောသွားသဖြင့် တံငါလုပ်ငန်းများနှင့် ဇီဝမျိုးစိတ်ဖြစ်သော ငါးနှင့် ငှက်မျိုးစုံလည်း ပြုန်းတီး သွားကြောင်း သိရသည် ။
“ကျွန်းတွေမှာရှိတဲ့ အင်းတွေကောကုန်လို့ ငါးဆိုမရှိ သလောက် ဖြစ်သွားပြီ အရင်တုန်းက ငါးရံ့ ငါးထွေ ငါးရွေး ငါးချောင်း ဆိုတာတွေ တော်တော်ရှားသွားပြီ ငှက်တွေ တောဘဲ တောကြက်က အစ ဘာမှမရှိတော့ဘူး ” လို့ သူ က ပြောသည်။
ဧရာဝတီမြစ်ရေ နည်းပါးလာခြင်းမှာ နှစ် ၂၀ အတွင်း မြန်မာနိုင်ငံ (မြောက်ပိုင်း) ရှိ ကချင်ပြည် နှင့် ရှမ်းပြည် အ တွင်း သစ်ခုတ်လှဲမှုများကြောင့် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့် လေ့လာသူများက ဆိုသည်။
ဧရာဝတီမြစ်ကို အမှီပြု၍ နေထိုင်သူ လူဦးရည် ၃ သန်းကျော်ခန့်ရှိပြီး လွန်ခဲ့သည့်နှစ် ၂၀ ကျော်က မြစ်ရေ သောက်ခဲ့ကြ သော်လည်း ယခုအခါ သောက်သုံး၍ မရတော့ကြောင်း သိရသည်။