ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းရန်အတွက် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့က တရုတ် အစိုးရနှင့် တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပို်ရေးရှင်း (CPI) တို့ထံ ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ကြေငြာချက်ထုတ် တောင်းဆိုလိုက်သည်။
၂၀၁၀ ခုနှစ် ဂျန္နဝါရီ ၁၇ ရက်က ပြည်ပရောက်ကချင်များစုပေါင်း၍ တရုတ်နိုင်ငံတော်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ထံ ပေးပို့ထားသော အိပ်ဖွင့်ပေးစာနှင့် ပတ်သက်၍ တရုတ်ဘက်မှ ပြန်ကြားရန် ပျက်ကွက် သည့်အတွက် ထပ်မံ တောင်းဆိုရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ အဆိုပါအဖွဲ့မှ ပြောခွင့်ရှိသူ မအားနန်က ပြောသည်။
စင်္ကာပူ အိန္ဒိယ ဗြိတိန် ထိုင်း နယူးဇီလန် နိုင်ငံများရှိ တရုတ်သံရုံများမှတဆင့် အိပ်ဖွင့်ပေးစာ ပေးပို့ထားရာ စင်္ကာပူနိုင်ငံရှိ တရုတ်သံရုံးမှလွဲ၍ ကျန်သံရုံးများမှာ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း အဆိုပါအဖွဲ့မှ ပြောခွင့် ရှိသူ မအားနန်က ပြောသည်။
“ ပြည်ပရောက် ကချင်ပြည်သူလူထုတွေအနေနဲ့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ဆီ ၅ နိုင်ငံမှာ ရှိတဲ့ တရုတ်သံ ရုံးတွေကနေ အိပ်ဖွင့်စာပေးပို့တယ် စင်္ကာပူနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေက တုန့်ပြန်လာတာ မရှိသေးဘူး တိတ်ဆိတ်နေတာကို တွေ့ရတယ် ဒါကြောင့် တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေကို ပြောချင် တာက ကချင်ပြည်သူ တွေရဲ့ဆန္ဒကိုလေးစား တုန့်ပြန်ပေးဖို့ပေါ့နော် ” လို့ တောင်းဆိုရသည့် ရည်ရွယ်ချက်ကို သူမကပြောသည်။
နောက်ထပ်တစ်ခုမှာ ပြည်ပနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံသည့် တရုတ်ကုမ္ပဏီများက နိုင်ငံတကာ စံသတ် မှတ်မှုများအတိုင်း လေးစားလိုက်နာရန် ဖြစ်ကြောင်း သူမကဆိုသည်။ “ပြည်သူတွေရဲ့ဆန္ဒတွေပါ၀င်လာ အောင် အရေးကြီးတဲ့ဆုံးဖြတ် ချက်တွေမှာ ပြည်သူလူထုတွေပါ၀င်လာအောင် နောက်စားဝတ်နေရေး ဒါ တွေကို ဂရုစိုက်ပါတယ်ဆိုတဲ့စံသတ်မှတ်ချက် တွေရှိတယ် တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေကိုတောင်းဆိုချင် တာက စံသတ်မှတ်ချက်နှုန်းတွေကို လေးစားလိုက်နာဖို့ ပြောချင်ပါတယ် ” လို့ ဆိုသည်။
ဧရာဝတီမြစ်ဖျား ပိုင်းရှိ မေခ နှင့် မလိခ ဆုံရာဒေသတွင် ၃၆၀၀ မဂ္ဂါ၀ပ်ထွက်ရှိမည့် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် အတွက် မြန်မာစစ်အစိုးရနှင့် တရုတ်နိုင်ငံ စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) တို့ ၂၀၀၇ ခုနှစ်က စာချုပ်ချုပ်ဆိုခဲ့သည်။
လက်ရှိအခြေအနေတွင် စီမံကိန်း အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၆၀ မှ ဒေသခံပြည်သူ ၁၅၀၀၀ ကျော်ခန့် သည် ပီပြင်သော ပြန်လည် နေရာချထားရေးမပါ၀င်ပဲ အတင်း အဓမ္မပြောင်းရွှေ့ခံနေရကြောင်း သိရသည်။ “ရေကာတာ တည်ဆောက်ခြင်းအားဖြင့် ဆိုးကျိုးတွေများတယ် လျှပ်စစ်မီးက တရုတ်နိုင်ငံဆီသွားမယ် ပိုက်ဆံက နအဖဆီ သွားမယ် ဆိုးကျိုးဒုက္ခတွေက ပြည်သူတွေဆီသွားမယ် ရင်းနှီးမြှုပ်ပ်နှံတဲ့ကုမ္ပဏီအနေနဲ့ နစ်နာကြေး ဘယ် လောက်ပေးမယ်ဆိုတာ လူထုကို အသိပေးထားတာ ဘာမှ မရှိဘူး ” လို့သူမက ပြောသည်။
ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းရန် (photo: KNG)
လတ်တလော၌ ရွှေ့ပြောင်းရမည့် ဒေသခံများအတွက် ရွာအသစ်များတည်ဆောက်ခြင်းများ လမ်းများ ဖေါက် လုပ် ခြင်းများကို အရှိန်အဟုန်မြင့် လုပ်ဆောင်နေကြောင်း သိရသည်။
၂၀၀၇ ခုနှစ် ဇူလိုင်လဆန်းပိုင်းက မြစ်ဆုံရေကာတာစီမံကိန်းနှင့်ပတ်သက်၍ နအဖ( နိုင်ငံတော် အေးချမ်း သာယာ ရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွေထံ လက်နက်ကိုင် ကချင်ပြည်လွတ် လပ်ရေးအဖွဲ့ကသဘောထား တင်ပြခဲ့သေးသည်။ ဗို်လ်ချုပ်မှူးကြီးသန်းရွှေထံ တင်ပြချက်တွင် သဘာဝ တရားအရ ဧရာဝတီ၏ အရေးပါမှုနှင့် စီမံကိန်း ကြောင့် ဖြစ် ပေါ်လာနိူင်သည့် ဆိုးကျိုးများကိုရေးသား ထားသည်။
မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းရေးကို ပြည်တွင်းရှိ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ အဖွဲ့ဝင်များ က ပိုစတာကမ်ပိန်း လှုပ်ရှားမှုများကို အဆက်မပြတ်ပြုလုပ်ခဲ့သည့်အပြင် ပြည်တွင်းရှိ ကချင်များကလည်း စာရေးသားတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ကချင်အဖွဲ့အစည်းပေါင်း စုံက မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းပေးရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ကြိုးပမ်း အားထုတ်ခဲ့သော်လည်း နအဖစစ်အစိုးရက လစ်လျှူရှုထားခဲ့သည်။