အကောက်ခွန် ဦးစီးဌာနမှ မြေအခွန် စတင်ကောက်ခံနေ

အကောက်ခွန် ဦးစီးဌာနမှ မြေအခွန် စတင်ကောက်ခံနေ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်ရှိ အကောက်အခွန်ဦးစီဌာနတို့သည် ၄င်းတို့ဒေသအတွင်းရှိ မြေဧကပိုင် ခြံသမားများနှင့် ရာဘာခြံပိုင်ရှင်များထံ မြေအခွန် စတင်ကောက်ခံနေကြောင်း...

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်ရှိ အကောက်အခွန်ဦးစီဌာနတို့သည် ၄င်းတို့ဒေသအတွင်းရှိ မြေဧကပိုင် ခြံသမားများနှင့် ရာဘာခြံပိုင်ရှင်များထံ မြေအခွန် စတင်ကောက်ခံနေကြောင်း သိရပါသည်။

အဆိုပါ ဦးစီးဌာနသည် မြေ ၁ ဧက ကို ကျပ် ၃ သောင်းအဖြစ်သတ်မှတ်ပြီး ဖေဖော်ဝါရီလမှစ၍ တောင်းခံနေခြင်းကြောင့် မပေးနိုင်သော မြေပိုင်ရှင်များသည် ၄င်းတို့မှ လာရောက်တောင်းခံတိုင်း ခဏတဖြုတ်ရှောင်ပြီး နေနေရသည်ဟု မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်နေရသော သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်သားတစ်ဦးက ပြောသည်။

"ဒီလိုမျိုးတောင်းတာဟာ ပထမဦးဆုံးပဲလို့ ပြောလို့ရတယ်၊ သူတို့က ကျနော်တို့ကို မြေဧကစာရင်း မေးပြီး၊ သူတို့ရဲ့ ဦးစီးရုံးမှာ ငွေသွားသွင်းပေးရမယ်၊ ကျနော်ကတော့ ၄ ဧက လောက်ပဲရှိတော့ ပေးရတာ အဆင်မပြေဘူး။ ပေးသွင်းပြီးသွားတဲ့သူရှိသလို သွားမသွင်းရသူလဲ ရှိနေပါတယ်" ဟု ၄င်းက ပြောသည်။

သံဖြူဇရပ်မြို့ ရာဘာခြံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ ယခုကဲ့သို့ မြေဧကကြေး လာရောက်တောင်းခံခြင်းသည် မြေဧကများများနှင့် ရာဘာစိုက်ထားသူများအတွက် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ၄င်းက ပြောသည်။

"ဒီနေ့ရာဘာစျေးကလဲမကောင်းတော့၊ အခုလို ဦးစီးဌာနက မြေဧကကြေး တောင်းရင် ကျနော်တို့အတွက်တော့ အဆင်မပြေဘူးပေါ့ဗျာ" ဟု ၄င်းက ပြောသည်။

ထိုနည်းတူ မုဒုံမြို့နယ်ဒေသအတွင်း၌ မြေဧကပိုင်ဆိုင်သောသူများကိုလည်း အကောက်ခွန်ဦးစီးဌာနမှ လာရောက် ကောက်ခံသွားမည်ဟု သတင်းထွက်နေပြီး၊ သို့သော် လာရောက်တောင်းခံမှု မရှိသေးဟု မုဒုံမြို့ အစိုးရစာရင်းကိုင်တစ်ဦးထံမှ သိရပါသည်။

ယခုရက်သတ္တတပတ်မှာလည်း အခွန်ဦးစီးဌာနတို့က သံဖြူဇရပ်မြို့ပေါ်ရှိ အိမ်များကို သန့်ရှင်းရေးခဟု အမည်သတ်မှတ်ထားပြီး၊ တစ်အိမ်လျှင် ငွေ ၄၅၀ ကျပ် တောင်းခဲ့သည်ဟု ဒေသခံ၏ ပြောပြချက်အရ သိရပါသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် နီးလာလေလေ အစိုးရဝန်ထမ်းများဖြစ်သော ကြံ့ဖွံ့၊ မီးသတ်၊ ရဲ၊ ယာဉ်ထိန်းရဲ (မော်တော်ပီကယ်)၊ အခွန်ဦးစီဌာနနှင့် လဝကစသည့် ဌာနဆိုင်ရာဝန်ထမ်းများသည် ဒေသခံများထံနည်းမျိုးစုံနှင့် လိုက်လံငွေတောင်းခံသွားမည်ဟု သံဖြူဇရပ်မြို့မှ နိုင်ငံရေးလှုပ်ရှားများက ရှုမြင်ပါသည်။

Most read this week