ကရင်နီပြည် အနောက်ဘက်ခြမ်းမှ အရှေ့ဘက်ခြမ်းသို့ ထွက်လာသော ကရင်နီရဲဘော်နှင့်အတူ ရွာသားတစုတို့သည် စက််လှေများ မပါဘဲ ပွန်းချောင်းအား ဖြတ်ကူးရာတွင် ရေစီးသန်မှုကြောင့် ဆယ်ကျော်သက် ရွာသားတဦးနှင့် ရဲဘော်တဦး တဘက်ကမ်းသို့ မကူးနိုင်ကြဘဲ ရေထဲသို့ မျောပါသွားခဲ့ကြသည်။
ကရင်နီတပ်မတော် တပ်ရင်း ၃၊ ခွဲ ၁မှ အသက် ၂၅နှစ်အရွယ် ရဲဘော်ဆဲရယ်နှင့် လွိုင်ကော်မြို့နယ် လွယ်တမူကျေးရွာမှ အသက် ၁၄နှစ်အရွယ် ရွာသားတို့သည် ရေစီးသန်သော ပွန်ချောင်းထဲသို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မျောပါသွားခဲ့ကြပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု အတူတကွ ခရီးသွားကြသော ရဲဘော်များနှင့် ရွာသားတို့က ဆိုသည်။
“ကျနော်တို့ ရေကူးတဲ့ အချိန်မှာ သစ်တုတ်နဲ့ပဲ ကူးတော့ အခက်အခဲ နည်းနည်းရှိတယ်လေ။ ရေလည်း နည်းနည်းသန်နေတယ်။ သစ်တုတ်နဲ့ပဲ လူ ၄၊ ၅၊ ၆ ယောက်လောက် အတူကူးကြတော့ သူတို့လည်း ရေမကူးတတ်တော့ သူတို့ နစ်မြုပ်သွားတယ်” ဟု ကရင်နီ ရဲဘော်များကို ဦးဆောင်သွားသူ ဗိုလ်စုရယ်က ပြောသည်။
ကရင်နီရဲဘော်များသည် ၎င်းတို့ လုံခြံုရေးအတွက် ဒေသခံကျေးရွာများ မရှိသည့် နေရာမျိုး၌ ရွေးချယ်၍ ချောင်းနှင့် မြစ်များအား ကူးဖြတ် ကြရသည်ဟု ကရင်နီသတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူ ဗားမားနိုင်းက ပြောသည်။
၎င်းက “အခုချိန် ရေနည်းတဲ့ အချိန်ဆိုရင် လူတွေ တိုက်ရိုက်ကူးသွားလို့ ရတဲ့ နေရာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ လုံခြံုရေးအရ စဉ်းစားပြီး ရေစီးသန်တဲ့နေရာ ရွာအကြားမှာ ကူးကြတာ ဖြစ်တယ်။ တကယ်တမ်း ရွာအနားမှာ ရွာထဲမှာ ကူးမယ်ဆိုရင် ပွန်းချောင်း အနီးမှာ နေတဲ့ ရွာတွေက သူတို့ အဲလိုပဲ ကူးသွားလို့ ရကြတယ်လေ” ဟု ပြောပါသည်။
ပွန်ချောင်းသည် နွေရာသီ မဟုတ်သည့် အချိန်မျိုးတွင် ရေစီးသန်၍ ရေကြီးနေကာ ကရင်နီရဲဘော်များက ဖောင်နှင့် ကားဘီးများကို အသုံးပြု၍ ဖြတ်ကူးလေ့ရှိသည်။