AFC Challenge Cup – 2010 အကြိုဗိုလ်လုပွဲစဉ်တွင် မြောက်ကိုရီးယား အသင်းကို ယမန်နေ့က ဂိုးပြတ် ရှုံးနိမ့်ခဲ့သဖြင့် မြန်မာအသင်း၏ ၂ဝ၁၁ ခုနှစ် အာရှဖလားဝင်ခွင့် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။
ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းသည် ၂ဝ၁၁ ခုနှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် အာရှဖလား ဘောလုံး ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သော်လည်း သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ မြောက်ကိုရီးယား အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ၅ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
“မြောက်ကိုရီးယားက ကမ္ဘာ့ဖလားတောင် ခြေစစ်ပွဲအောင်ထားတဲ့ နိုင်ငံဆိုတော့ ဘောလုံး အဆင့်အတန်းချင်းက သိပ်ကွာပါတယ်။ ကိုယ့်ထက် သမ္ဘာရော၊ ကစားအားရော ပိုကောင်းတဲ့ အသင်းကို ရှုံးရတဲ့အတွက် အရမ်းတော့ ဝမ်းမနည်းမိပါဘူး။ အုပ်စုတက်ပြီး ဆီမီး (အကြိုဗိုလ်လုပွဲ) ရောက်တာကိုပဲ ကျေနပ်ရမှာပါပဲ” ဟု ဂိုးလ် အားကစားဂျာနယ် အယ်ဒီတာ ဦးကိုကိုကြီးက မဇ္စျိမကို ပြောသည်။
သီရိလင်္ကာ ကိုလံဘိုမြို့ရှိ ဆူဂါသာဒါဆာ (Sugathadasa) ကွင်း၌ မြောက်ကိုရီးယားက မြန်မာဘက်သို့ ပထမပိုင်း ၆ မိနစ်၊ ၁၂ မိနစ်နှင့် ၁၃ မိနစ်တို့တွင် ၃ ဂိုး၊ ဒုတိယပိုင်း ရ၃ မိနစ်နှင့် ၈၅ မိနစ်တွင် ၂ ဂိုး သွင်းယူခဲ့သည်။ ဂိုးများကို ချိုးချိုလ်မန်းက ၂ ဂိုး၊ ချိုမြောင်ဟို၊ ပတ်ဆောင်ချိုနှင့် ကင်ဆောင်ယောင်တို့က ၁ ဂိုးစီ သွင်းယူခဲ့ကြသည်။
“ဖလားတော့ ရစေချင်တာပေါ့။ ရှုံးသွားတော့လည်း ဘာတတ်နိုင်မလဲ။ ဒါပေမဲ့ အရှက်ပြေ ချေပဂိုးလေး ၁ ဂိုးလောက်တော့ ရသင့်တယ် ထင်တယ်ဗျာ” ဟု ရန်ကုန်မြို့ရှိ မြန်မာ ဘောလုံးပရိသတ်တဦးက ပြောသည်။
၂ဝဝ၉ ခုနှစ်အတွင်း မြန်မာနေရှင်နယ်လိဂ် ပေါ်ပေါက်လာသော်လည်း ကလပ်အသင်းများသည် နိုင်ငံ့လက်ရွေးစင် အသင်းကို အထောက်အကူ မပြုနိုင်သေးကြောင်း ဝါရင့် အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) က ဆိုသည်။
“ခုခေတ်က ပါဝါ (ခွန်အား) ရော၊ အမြန်နှုန်းရော သုံးပြီး ကစားရတဲ့ခေတ်။ သူများနိုင်ငံက ကစားသမားတွေက ဘောလုံးသမားပုံ ပေါက်တယ်။ ဒီက ကလေးတွေက မိနစ် ရဝ ကျော်ရင် မဆော့နိုင်တော့ဘူး။ ကစားအား ကျပြီ” ဟု သူက ပြောသည်။
AFC Challenge Cup - 2010 ကို ကိုလံဘိုတွင် ယခုလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပနေပြီး မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု - က တွင် အိမ်ရှင် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ချ်၊ တာဂျကစ္စတန် နိုင်ငံတို့နှင့် တအုပ်စုတည်း ကျရောက်ခဲ့သည်။
အုပ်စုအဆင့် ပွဲစဉ်များတွင် အိမ်ရှင် သီရိလင်္ကာကို ၄ ဂိုး ဂိုးမရှိ၊ ဘင်္ဂလားဒေ့ချ်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ တာဂျစ်ကစ္စတန်ကို ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ အုပ်စု ဒုတိယဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။
“ဒီပြိုင်ပွဲမှာ ထူးခြားတာတခု တွေ့ရတာကတော့ အရင်တုန်းက ပွဲတွေလို ရန်ဖြစ်တာတို့၊ အနီကဒ်နဲ့ အထုတ်ခံရတာတို့ မတွေ့ရဘူး။ အရှုံးကို လက်ခံတတ်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုတော့ တွေ့လာရတယ်” ဟု ခင်မောင်ထွေး (ပျဉ်းမနား) က ပြောသည်။
မြန်မာလက်ရွေးစင် အသင်းသည် ယခုလ ၂၇ ရက်နေ့ နေ့လည် ၃ နာရီခွဲ (သီရိလင်္ကာစံတော်ချိန်) တွင် ဆူဂါသာဒါဆာ (Sugathadasa) ကွင်း၌ အုပ်စုပွဲစဉ်တွင် ရှုံးနိမ့်ထားသည့် တာဂျစ်ကစ္စတန် လက်ရွေးစင် အသင်းနှင့် တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမည်။
ထိုပွဲစဉ်အပြီးတွင် မြောက်ကိုရီးယားအသင်းနှင့် အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်တွင် တာဂျစ်ကစ္စတန်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် တာမင်နစ္စတန်အသင်းတို့ ဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာအသင်းသည် အာရှဖလား ဘောလုံးပြိုင်ပွဲသို့ ၁၉၆၈ ခုနှစ်တွင် တကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ယင်းနှစ်တွင် ဒုတိယဆု ရရှိခဲ့သည်။
မြန်မာအသင်း၏ နည်းပြချုပ်မှာ ဦးတင်မြင့်အောင်ဖြစ်ပြီး လက်ထောက်နည်းပြများမှာ ဦးမျိုးလှိုင်ဝင်းနှင့် ဦးစိုးမိုး၊ ဂိုးနည်းပြမှာ ဦးအောင်ကျော်ကျော်ဖြစ်ကာ အသင်းခေါင်းဆောင်မှာ မျိုးမင်းထွန်း ဖြစ်သည်။
ယခုလ ၃ ရက်နေ့တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့် ရပ်တည်ချက်၌ မြန်မာအသင်းသည် အဆင့် ၁၄၁ တွင် ရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ဘောလုံးအဆင့်အတန်းကို အမီလိုက်ရန်နှင့် လက်ရွေးစင် အသင်း အောင်မြင်ရန် ထွားကျိုင်းကာ အရပ်အမောင်းကောင်းမွန်သည့် ခန္ဓာကိုယ် ဖွံ့ဖြိုးဆဲ လူငယ်များကို ဘောလုံးအကယ်ဒမီကျောင်းများတွင် စနစ်တကျ ကျွေးမွေးပြုစုပျိုးထောင်ရန် လိုအပ်ကြောင်း အားကစား ကလောင်ရှင်က ဆိုသည်။
“၃ နှစ်လောက် အားလုံးဝိုင်းပြီး လူငယ်သွေးသစ် မွေးမြူတာကို တွန်းလုပ်လိုက်ရင် မြန်မာအသင်း ရလဒ်တွေ ပြန်တက်လာမယ်လို့ ကျနော် ယုံတယ်။ ဒါကတော့ ကလပ်ပိုင်ရှင် သူဋ္ဌေးတွေရဲ့ ကလပ်အသင်းတွေနဲ့ ဘောလုံး အကယ်ဒမီတွေကိုပဲ အားကိုးရမှာပဲ” ဟု သူက ပြောသည်။