အကျိုးပြုသီချင်းများ ဆုချီးမြှင့်ရန် ပြန်ကြားရေး ပြင်ဆင်

အကျိုးပြုသီချင်းများ ဆုချီးမြှင့်ရန် ပြန်ကြားရေး ပြင်ဆင်
by -
ဆလိုင်း ဟံသာစန်း
ဂီတဝိုင်းများမှ ပေးပို့သည့် နိုင်ငံတော် အကျိုးပြုတေးများအနက် နှစ်သက်သည့် တေးများကို ပြန်ကြားရေး ဝန်ကြီးဌာနမှ မကြာမီ ဆုပေးရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး အဆိုအရ သိရ ...

နယူးဒေလီ (မဇ္စျိမ) ။     ။ ဂီတဝိုင်းများမှ ပေးပို့သည့် နိုင်ငံတော် အကျိုးပြုတေးများအနက် နှစ်သက်သည့် တေးများကို ပြန်ကြားရေး ဝန်ကြီးဌာနမှ မကြာမီ ဆုပေးရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး အဆိုအရ သိရသည်။

ပြီးခဲ့သည့်လအတွင်း ပြည်တွင်း ဂီတတီးဝိုင်းပေါင်း ၃ဝ ကျော်အား ပြန်ကြားရေး ဝန်ကြီးဌာနက သီချင်းခေါင်းစဉ် ၅ ခုအတိုင်း တေးသီချင်း ၅ ပုဒ် စီစဉ်ပေးပို့ရန် ညွှန်ကြားခဲ့ပြီးနောက် ယခုအခါ အဆိုပါ သီချင်းများထဲမှ အကောင်းဆုံး သီချင်းများ ရွေးချယ်၍ ဆုချီးမြှင့်ရန် စီစဉ်နေခြင်း ဖြစ်သည်။

“ပြန်ကြားရေးက ဘုတ်လူကြီးတွေက ဘယ်သီချင်း အကောင်းဆုံးလဲဆိုတာ ရွေးချယ်ပြီးတော့ အဲဒီသီချင်းတွေကို နိုင်ငံတော်ကနေ ဆုချီးမြှင့်မှာပေါ့နော်။ ဆုတန်ကြေးတော့ ဘယ်လောက်ချီးမြှင့်မလဲ မသိသေးဘူး” ဟု ဂီတအစည်းအရုံးမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ဝန်ကြီးဌာနက ပေးပို့လိုက်သည့် သီချင်းခေါင်းစဉ်များမှာ 'သွေးကွဲခြင်းရဲ့ အဓိပ္ပာယ်'၊ 'အနာဂတ်'၊ 'အသိတရားနဲ့ယှဉ် သတိတရားနဲ့ ပေါင်းစပ်' ၊ 'ပြည်ထောင်စု' နှင့် 'မြန်မာ့အလှ' တို့ ဖြစ်ပြီး ပြီးခဲ့သည့်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးပို့ရန် ဂီတအစည်းအရုံးမှတဆင့် တီးဝိုင်းများထံ ညွှန်ကြားစာများ ပေးပို့ခဲ့သည်။

အကြောင်းကြားစာ ရောက်ရှိသဖြင့် တေးသီချင်းများ စီစဉ်ပေးပို့ထားကြောင်း ရန်ကုန်မြို့ရှိ Nightingale တီးဝိုင်း မန်နေဂျာ တေးရေး နိုင်အောင်စမ်းက ပြောသည်။

“ဝင်ပြိုင်ဖြစ်တယ်ဆိုတာကတော့ ခံစားချက် ရှိလို့ရယ်လည်း မဟုတ်ဘူးပေါ့။ အကျိုးပြုတေးတွေက ရေးနေကျလည်း ဖြစ်တယ်။ နောက် အသံသွင်းလက်စတွေလည်း ရှိတော့ ထည့်တီးလိုက်မယ်ဆိုပြီး ဝင်ပြိုင်ဖြစ်တာပါ” ဟု သူက ပြောသည်။

Nightingale တီးဝိုင်းမှ ညွှန်ကြားခေါင်းစဉ် တေးသီချင်း ၅ ပုဒ်အား တေးရေး နိုင်အောင်စမ်းက ရေးစပ်ထားပြီး အဆိုတော် ကိုကိုမောင်၊ ဇမ်နူး၊ သက်မှူးခင်၊ ရတနာမိုင်၊ စိမ်းလဲ့လဲ့၊ မစ်ကီကိုးနှင့် Irene တို့က သီဆိုထားသည်။

Emperor တီးဝိုင်းကမူ သတ်မှတ်ချိန်ထက် နောက်ကျသဖြင့် သီချင်းများ မပို့ဖြစ်လိုက်ကြောင်း ပြောသည်။

“သီချင်းတွေ ပို့ပေးရမယ့်အချိန်မှာ ကျနော်တို့က မအားလိုက်တော့ နောက်ကျသွားတာနဲ့ ဝင်မပြိုင်ဖြစ်လိုက်တာ။ ဒီလိုမျိုး သီချင်းခေါင်းစဉ်တွေပေးပြီး ဝင်ပြိုင်ခိုင်းတဲ့ ပွဲမျိုးတော့ အရင်က မရှိဖူးပါဘူး။ ဒါက ပထမဆုံးပါပဲ” ဟု Emperor မှ ကီးဘုတ်သမား လီယိုနတ် မောင်မောင်လွင်က ပြောသည်။

မြန်မာပြည်တွင် လူကြိုက်များသည့် တီးဝိုင်းများဖြစ်သည့် Iron Cross၊ Lazy Club၊ Metal Zone နှင့် The Trees တို့လည်း သီချင်းများ ပေးပို့ထားကြောင်း ဂီတအသိုင်းအဝိုင်းက ပြောဆိုသော်လည်း ကာယကံရှင်များကို ဆက်သွယ်ရာတွင် ခရီးလွန်နေခြင်းနှင့် ဆက်သွယ်၍ မရခြင်းတို့ကြောင့် အတည်မပြုနိုင်သေးပါ။

ရွေးချယ်သည့် တေးသီချင်းပိုင်ရှင် တီးဝိုင်းများအား နေပြည်တော်သို့ ဖိတ်ခေါ်၍ 'ဂီတပွဲတော်' အမည်ဖြင့် ဂီတပွဲတခုကို လာမည့်လအတွင်း ကျင်းပသွားရန် ပြန်ကြားရေးနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV တို့က စီစဉ်နေကြောင်း ဂီတအစည်းအရုံး တာဝန်ရှိသူက ဆိုသည်။

“အဓိကကတော့ဗျာ၊ ခေတ်ပေါ် မြန်မာသံစဉ်တွေ တိုးတက်ဖို့ပေါ့။ နောက်တခုက နိုင်ငံတော် တည်ဆောက်တဲ့ နေရာမှာ ဂီတပညာရှင်တွေက တခန်းတကဏ္ဍကနေ ပါဝင်စေချင်တဲ့ ဆန္ဒနဲ့ လုပ်တာပါခင်ဗျ။ ဂီတသမားတွေအတွက် ဂီတပွဲတော်ဆိုတဲ့ သဘောမျိုး လုပ်တာပါ” ဟု သူက ဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ MRTV ရုံးသို့ မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက သီချင်းများ စိစစ်ရွေးချယ်နေကြောင်း အတည်ပြု ပြောဆိုသော်လည်း အသေးစိတ်အချက်များ ပြောဆိုရန် ငြင်းဆန်ခဲ့ကြသည်။

ပြည်တွင်းရှိ အမည်မဖော်လိုသူ တေးရေး၊ တေးဆိုတဦးက “ဒါက ဂီတကို (စစ်အစိုးရက) စည်းရုံးရေး လက်နက်တခုအဖြစ် သုံးတဲ့ သဘောပေါ့ဗျာ။ မကြာခင်မှာပဲ ဒီသီချင်းတွေကို အမှန်အကန် ရိုက်ကူးပြီး မြဝတီ၊ မြန်မာ့အသံနဲ့ FM တွေကနေ တပြည်လုံးကို လွှင့်လိမ့်မယ် ထင်တယ်” ဟု ပြောသည်။

Most read this week