ကေအိုင်အို အပစ်ရပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ စတင်ကျင်းပ

ကေအိုင်အို အပစ်ရပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ စတင်ကျင်းပ
နအဖနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့သည့်(၁၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KI O)က တိုင်ရင်းသား ပြည်သူလူထုများကို ဖိတ်ကြားကာ မနော ပွဲတော်တရပ်ကို မြစ်ကြီးနားမြို့ အနောက်ဖက်၊ ကေအိုင်အို တပ်ရင်း(၁၁)စခန်းတွင်...

နအဖနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့သည့်(၁၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KI O)က တိုင်ရင်းသား ပြည်သူလူထုများကို ဖိတ်ကြားကာ မနော ပွဲတော်တရပ်ကို မြစ်ကြီးနားမြို့ အနောက်ဖက်၊ ကေအိုင်အို တပ်ရင်း(၁၁)စခန်းတွင် ယနေ့ စတင်ကျင်းပခဲ့သည်။

ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့တွက် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခြင်း(၁၆)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် မြစ်ကြီးနားမြို့နယ်၊ ကဆုန့်ကျေးရွာတွင် ကျင်းပနေပြီး ဒေသအသီးသီးမှ တိုင်းရင်းသားများနှင့် ရဟန်းတော်များပါ တက်ရောက်နေကြောင်း ကေအိုင်အိုအရာရှိတဦးက ယခုလိုပြောသည်။

“ဧည့်သည်တွေတော့ ရောက်နေပြီ၊ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်ဘက်က၊ အိန္ဒိယ နယ်စပ်ဘက်က။ ကချင်ပြည်နယ် ဒေသအသီးသီးကပေါ့၊ ကချင်မျိုးနွယ်စု အများဆုံး ပါတယ်။ နာဂ၊ ကဒူး၊ ရှမ်း၊ ဗမာ မျိုးစုံပေါ့။ မြစ်ကြီးနား-မိုးညှင်း သံလမ်းရိုးက ဘုန်းကြီး တွေလည်း တက်ရောက်တယ်။ လောလော ဆယ်(၃၅)ပါး ရောက်နေတယ်။”

ကေအိုင်အိုအဖွဲ့သည် ၁၉၆၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၅)ရက်နေ့တွင် လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ပြီး နောက် အပစ်ရပ်ဆွေးနွေးမှုများကို အကြိမ်ကြိမ်ပြုလုပ် ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့ဘဲ ဖြစ်နေရာမှ ၁၉၉၃ ခုနှစ်၊ အောက်တိုဘာလ မှစ၍ ဆွေးနွေးပွဲများ ဆက်လက် ကျင်းပခဲ့ရာ ၁၉၉၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့တွင် ယင်းအချိန်က နဝတကိုယ်စားလှယ်များနှင့် ကေအိုင်အို ခေါင်းဆောင်များအကြား လက်မှတ်ရေးထိုးခဲ့ကြသည်။

နဝတကိုယ်စားလှယ်များအဖြစ် ဗိုလ်ချုပ်အေးကျော်၊ ဗိုလ်ချုပ် စောလွင်နှင့် ဒုတိယဗိုလ်မှူးကြီး ကျော်သိန်းက လည်းကောင်း၊ ကေအိုင်အိုဘက်မှ ဦးမလိဇွပ်ဇော်မိုင်၊ ဦးလမုန်တူးဂျိူင်နှင့် ဦးဂေါ်ရီဇော်ဆိုင်း ကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းသို့အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များအဖြစ် ဦးလဝမ်၊ ဦးဇဘွဲ့ဂျွန် နှင့် ဦးခွန်မြတ်တို့က ဆောင်ရွက်ခဲ့သလို သူတို့သုံးဦး ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သဖြင့် အပစ်ရပ်အဖွဲ့တွင် ငြိမ်း ချမ်းရေးအတွက် အပစ်ရပ်စာချုပ် ချုပ်နိုင်သည့် တခုတည်းသော အဖွဲ့လည်းဖြစ်သည်။

ကေအိုင်အိုအဖွဲ့က ယခုလို အပစ်ရပ်စဲရေးစာချုပ်ကို တန်ဘိုးထားနေချိန်တွင် အပစ် ရပ်စဲရေးစာချုပ်တွင် မပါရှိသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအစီစဉ်ဖြင့်  နအဖက ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ် အ သွင်ပြောင်းရန် ဖိအားပေးပြောဆိုနေသည်။

ကေအိုင်အိုနှင့် နအဖအကြား အပစ်ရပ်(၁၆)နှစ်တာကာလအတွင်း ကချင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးတို့မှာ တိုးတက်မှုမရှိဘဲ အားလုံးဆုတ်ယုတ် နေသည်ဟု ကချင်ပြည်နယ်လူမှုဖွံ့ဖြိုးရေးကွန်ယက်မှ ဥက္ကဌ ဦး အောင်ဝါက ယခုလိုသုံးသပ်သည်။

“ကချင်လူမျိုးတွေရဲ့ အခွင့်အရေးတွေကို နိုင်ငံရေးအရဖြေရှင်းဖို့ ကေအိုင်အိုက တောင်းဆိုထားတယ် ။ နအဖက ဘာမှဖြေရှင်းမပေးသေးဘူး။ စီးပွားရေးမှာလည်း သစ်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း၊ ရွှေ လုပ်ငန်းမှာ ကချင်လူထုက မှီခိုနေရတယ်။ အခုက နအဖနဲ့ သူနဲ့ နီးစပ်သူတွေက လက်ဝါးကြီး အုပ်ထားတယ်။ ကေအိုင် အိုလည်း လုပ်ခွင့်မရှိဘူး။ ပြည်သူလူထုလည်း လုပ်ခွင့်မရှိဘူး။ လူမှုရေးမှာလည်း အပစ်ရပ်စဲရေး ပြုလုပ်တဲ့နောက်ပိုင်း မူးယစ်ဆေးဝါးတွေ ပိုများလာတယ်၊ လူငယ်တွေဟာ မူးယစ် ဆေးဝါး ပိုသုံးစွဲနေတာ တွေ့နေရတယ်။”

အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ် အခန်းအနားကို ၅ ရက်ကြာ ကျင်းပသွားမည်ဟု သိရ သည်။

Most read this week