ချင်းမိုင် (မဇ္စျိမ) ။ ။သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မည်ဟု အငြင်းပွားနေသော ကရင်ပြည်နယ် သံလွင်မြစ်ပေါ်မှ ဟတ်ကြီး ရေကာတာ စီမံကိန်း လုပ်ငန်းများ ပြန်လည် လုပ်ဆောင်နေပြီဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်အား ၁၂၀ဝ မဂ္ဂါဝပ် ထုတ်နိုင်မည်ဟု သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးအဖွဲ့များက ပြောသော ဟတ်ကြီးရေကာတာတည်ဆောက်ရန် မြန်မာ့လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း (EGAT) နှင့် တရုတ်နိုင်ငံပိုင် Sinohydro ကုမ္ပဏီတို့အကြား ၂ဝဝ၆ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
“ဟတ်ကြီးရေလှောင်တမံ Survey လုပ်တာတွေ၊ မြေတိုင်းနေတာတွေ ပြန်လုပ်နေကြပြီလေ။ ရုံးကိုတော့ ရွှေကျင်မှာ ထိုင်ပြီးမှ ဟတ်ကြီးကို ဝန်ထမ်းတွေ လွှတ်လွှတ်ပြီးမှ တည်ဆောက်ရေးတွေ လုပ်နေကြတာ ပေါ့” ဟု အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန မှ အရာရှိတဦးက မဇ္စျိမကို ပြောသည်။
၂ဝဝ၇ ခုနှစ်တွင် စမ်းသပ်လေ့လာမှုများကို ပြုလုပ်နေစဉ် ထိုင်းနိုင်ငံပိုင် (EGAT) ၏ လုပ်သားတဦး မိုင်းထိ သေဆုံးခဲ့ချိန် ခေတ္တဆိုင်းငံ့ထားခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် (EGAT) ကုမ္ပဏီက စူးစမ်း လေ့လာမှုများ ပြန်လည် စတင်ခဲ့သည်။
သို့သော် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများနှင့် ဒေသခံ ကရင်နှင့် ထိုင်းနိုင်ငံသားများက သံလွင် မြစ်ကို မီခိုနေထိုင်သူများအတွက် ဆိုးကျိုးများဖြစ်ပေါ်စေသည်ဟုဆိုကာ တောက်လျှောက် ကန့်ကွက်လာ ခဲ့ကြသဖြင့် လေ့လာမှုများ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။
ထိုင်းစွမ်းအင်ဝန်ကြီးကလည်း တည်ဆောက်ရေး လေ့လာမှုလုပ်ငန်းများ ပြန်လည်လုပ်ဆောင်မည်ဖြစ် ကြောင်း ယခုလ ၁၅ ရက်နေ့တွင် တရားဝင် ပြောဆိုခဲ့သည်။
“လေ့လာရေးလုပ်ငန်းတွေ ပိုပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အဲဒါကြောင့် အချိန် နောက်ကျမယ်ဆိုပေ မယ့်လည်း စီမံကိန်းကိုတော့ ပယ်ဖျက်တာ၊ ရပ်လိုက်တာ မဟုတ်ပါဘူး” ဟု ထိုင်းစွမ်းအင်ဝန်ကြီးက ပြောသည်။
သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့မှ Ms. Pain Porn ကလည်း “ထိုင်းစွမ်းအင်ဝန်ကြီးက ဆုံးဖြတ်တယ်ဆို တာက နောက်ထပ် သဘာဝပတ်ဝန်းကျင်ဆိုရာ အကျိုးသက်ရောက်မှု EIA (Environmental Impact Assessment)၊ လူ့အခွင့်အရေးတွေပေါ် သုံးသပ်တာတွေကို ထပ်လုပ်ဖို့ကို ဆုံးဖြတ်လိုက်တာပါ” ဟု ပြောသည်။
ယခင်က သဘာဝပါတ်ဝန်းကျင်ထိခိုကိုမှု လေ့လာချက်ကို ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်း တက္ကသိုလ်က ဦးဆောင်ခြင်းဖြစ်ပြီး ယင်းလေ့လာချက်သည် ၂ဝဝ၈ ခုနှစ်တွင် စခဲ့ပြီး ယမန်နှစ်တွင် ပြီးဆုံးခဲ့သည်ဟု သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။
သို့သော် ပြည့်စုံလုံလောက်ခြင်း မရှိခဲ့သဖြင့် သုတေသနများ ပြန်လည်ပြုလုပ်သွားရန် ဖြစ်သည်။
ဟတ်ကြီး ရေကာတာကို ထိုင်းနိုင်ငံမှ EGAT ကုမ္ပဏီ၊ တရုတ်နိုင်ငံမှ Sinohydro ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံမှ အစိုးရပိုင် လျှပ်စစ်ဓါတ်အားလုပ်ငန်းတို့မှ ပူးပေါင်းတည်ဆောက်ကြခြင်းဖြစ်သည်။
ဟတ်ကြီးရေကာတာကို အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ အကုန်ကျခံ တည်ဆောက်မည်ဖြစ်ပြီး၊ ရရှိမည့် လျှပ်စစ်ဓါတ်အားများကို ၂ဝ၁၉ တွင် ထိုင်းနိုင်ငံသို့ ရောင်းချမှာဖြစ်သည်။
ရေကာတာသည် ထိုင်း-မြန်မာနယ်စပ်မှ ၄၇ ကီလိုမီတာခန့် ကွာဝေးပြီး ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုင်းနိုင်ငံဘက်တွင်မူ မြောက်ပိုင်းခရိုင်ဖြစ်သည့် မယ်ဟောင်ဆောင်ခရိုင်အတွင်း ပါဝင်သည်။
ကရင်မြစ်များစောင့်ကြည့်ရေးအဖွဲ့ဝင်တဦးဖြစ်သူ ကိုရွှေကလည်း “ရေကာတာကြီး ပြီးသွားရင် IDP တွေ များလာမယ်။ သူတို့တွေက ထိုင်းနိုင်ငံဘက်ကို ကူးလာပြီးမှ ဒီထိုင်းနိုင်ငံဘက်မှာ ဒုက္ခသည်တွေ ဖြစ်ကြ မယ်။ စစ်တပ်တွေ များလာမယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များလာမယ်” ဟုပြောသည်။
ကရင် သဘာဝပါတ်ဝန်းကျင်နှင့် လူထုလှုပ်ရှားမှုကွန်ယက် (KESAN) အဖွဲ့ကမူ ရေကာတာ တည်ဆောက်ပြီးပါက မြစ်ကိုမှီခိုထားရသော ဂေဟစနစ်များ၊ တိရစ္ဆာန်များ၊ ဒေသခံ လူထုများအပေါ် ဆိုးကျိုးများသက်ရောက်နိုင်သည်ဟု ဆိုသည်။
နအဖ အစိုးရသည် ထိုင်း၊ တရုတ်ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ သံလွင်မြစ်ပေါ်တွင် အထက်သံလွင်၊ တာဆန်း၊ ဒါးကွင်နှင့် ဟတ်ကြီး စသည့် ရေကာတာ ၅ ခု တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း လေ့လာသိရှိရသည်။
ဟတ်ကြီး စီမံကိန်းကြောင့် သံလွင်မြစ်ကြောင်းတလျှောက်မှ မဲဆိပ်၊ တောင်ကြား၊ ရင်းပိုင်း၊ မယ်ပ၊ ရော်ပိုး စသည့် ကရင်ကျေးရွာများ အပါအဝင် ရွာပေါင်း ၄ဝ ကျော် ရေလွှမ်းမိုးမှုကို ခံရနိုင်ကြောင်းလည်း ကရင်မြစ်များစောင့်ရှောက်ရေးအဖွဲ့ (Karen Rivers Watch) ပြောသည်။