ဘိန်းကုန်ကူးသူများ ပစ်ခတ်၍ ဒဏ်ရာရသူ ရဲ ၂ ဦး ရန်ကုန်ပို့

ဘိန်းကုန်ကူးသူများ ပစ်ခတ်၍ ဒဏ်ရာရသူ ရဲ ၂ ဦး ရန်ကုန်ပို့
by -
စိုင်းဇွမ်ဆိုင်း
ဘိန်းရာဇာအဖွဲ့က ခြံုခိုတို်က်ခိုက်ခံ၍ ဒဏ်ရာရရှိသော ရဲ ၂ ဦးကို ယနေ့နေ့လည်တွင် တာချီလိတ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လေယာဉ်ဖြင့်...

ဘိန်းရာဇာအဖွဲ့က ခြံုခိုတို်က်ခိုက်ခံ၍ ဒဏ်ရာရရှိသော ရဲ ၂ ဦးကို ယနေ့နေ့လည်တွင် တာချီလိတ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လေယာဉ်ဖြင့် ပို့ဆောင်လိုက်သည်။

ယခုလ ၂ဝ ရက်နေ့တွင် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံဆုံရာ ရွှေတြိဂံဒေသ၌ လှည့်လည်လှုပ်ရှားနေသော နော်ခမ်း၏ ဘိန်းအဖွဲ့က ပုံမှန်ကင်းလှည့်မှု ပြုလုပ်နေသော တာချီလိတ်ခရိုင် ဝမ်ပုံမြို့နယ်ရဲစခန်းမှ ရဲများနှင့် မူးယစ် အထူးတပ်ဖွဲ့မှ ရဲများကို တိုက်ခိုက်ရာ ၁၄ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးပြီး ၂ ဦး ဒဏ်ရာရ လွတ်မြောက်လာခဲ့သည်။

သေနတ်ကျည်ဆံ ကိုယ်ထဲတွင် ရှိနေသော ဒုရဲအပ်စိန်လှိုင်နှင့် လက်နှင့်ခြေထောက်တွင် ဒဏ်ရာရထားသော တပ်သားကီးမူတို့ကို မြန်မာ့လေကြောင်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့ရသည်။

ဒုရဲအုပ်စိန်လှိုင်၏ ပြောကြားချက်ကို ကိုးကားပြီး တာချီလိတ်ရဲစခန်းနှင့် နီးစပ်သူတဦး၏ ပြောပြချက်အရ ရဲအုပ်ခင်မောင်ရင် ဦးဆောင်သော ၁၆ ဦးပါ ကင်းလှည့် အဖွဲ့သည် မဲခေါင်မြစ်ကြောင်းအတွင်း လှေ ၃ စီးဖြင့် သွားနေစဉ် မြန်မာနိုင်ငံဘက်ခြမ်းနှင့် ဆက်စပ်လျက်ရှိသော လာအိုနိုင်ငံပိုင်နက် ပူကျင်းကျွန်းအရောက် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦးက ကျွန်းထဲကို ဝင်ရောက်ပြေးသွားသည်ကိုမြင်၍ လိုက်လံစစ်ဆေးရန် လှေ ၂ စီးကို ကမ်းကပ်လိုက်သည်။

ကမ်းစပ်အရောက် ဘိန်းအဖွဲ့က ၄ဝ မမ လောင်ချာဖြင့် ပစ်ခတ်ပြီးနောက် လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ သေဆုံး၊ ဒဏ်ရာရကုန်သည်။

လူ ၅ ဦးပါ နောက်ဆုံးလှေတစီး၏ စက်လှေမောင်းသမားမှာ လောင်ချာပစ်ခတ်ချိန်တွင် ရေထဲကျသွားသည်။ ကျန်ရဲများက ပြန်လှန်ပစ်ခတ်ရင်း မောင်းပြေးစဉ် ကျောက်ဆောင်နှင့်တိုက်မိပြီး မှောက်သွားခဲ့သည်။ တိုက်ပွဲအပြီး လာအိုစစ်သားများက ဒုရဲအုပ်စိန်လှိုင်နှင့် ကီးမူကို ရေထဲမှ ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ ပူကျင်းကျွန်းသည် မဲခေါင်မြစ်ရိုးမှ ဝမ်ပုံမြို့နှင့် ရေမိုင် ကီလိုမီတာ ၂ဝ ခန့်ဝေးပြီး၊ ပါဆာနှင့် ဆမ်ပူးရွာအရှေ့ဘက်ရှိ လောနိုင်ငံ ပိုင်နက်ဖြစ်သည်။

ရဲအုပ်ခင်မောင်ရင်၏ အလောင်းကို ယမန်နေ့ နံနက် ၉ နာရီ မိနစ် ၅ဝ ခန့်တွင် ထိုင်းနိုင်ငံအတွင်းမှ လှေဆိပ်တခုတွင် ဆယ်ယူရရှိခဲ့ပြီး တာချီလိတ် ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်ဟု ရဲသတင်းရပ်ကွက် အဆိုအရ သိရသည်။

“ရဲဘက်က ဒီနေ့ ၃ နာရီ သင်္ဂြိုဟ်မှာက ၆ လောင်း၊ ပျောက်နေတာက ၃ လောင်း၊ ဝမ်ပုံမှာ ရှိတာက ၅ လောင်း၊ အကုန်လုံးက ၁၆ ယောက် သွားတာလေ။ ပြည်သူ့စစ် ၂ ယောက် ပါတယ်။ နောက် စက်လှေမောင်းသမား ၃ ယောက်ပါတယ်” ဟု တာချီလိတ်ရဲစခန်း အသိုင်းအဝိုင်းက ပြောသည်။

ပျောက်ဆုံးနေသူများမှာ ဒု-ရဲအုပ်သန့်ဇင်၊ မူးယစ်တပ်ကြပ် ဇင်မင်းမောင်နှင့် ဒေသခံ စက်လှေမောင်းသူ တဦးတို့ ဖြစ်သည်ဟုလည်း သိရသည်။  

ယနေ့နေ့လည် ၁၂ နာရီခန့်တွင် တာချီလိတ်သို့ ရဲချုပ်ခင်ရီ ရောက်ရှိလာသည်။

အသက်မသေဘဲ ကျန်ရစ်သူများကို ကိုးကား၍ ရဲသတင်းရပ်ကွက်က ပြောကြားရာတွင် ဒဏ်ရာရနေသူများကို ဘိန်းရာဇာအဖွဲ့က နှိပ်စက်ညှဉ်းပမ်းပြီးမှ ဓားဖြင့် လှီးသတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

အင်အား ၈ဝ ခန့်ရှိမည်ဟု ယုံကြည်ရသော နော်ခမ်းအဖွဲ့သည် ဘိန်းဖြူနှင့် မက်သာဖီတမင်း စိတ်ကြွဆေးပြားများကြောင့် နာမည်ကျော်ကြားသော ရွှေတြိဂံဒေသအတွင်း ဆက်ကြေးကောက်ခြင်း၊ မူးယစ်ဆေး ရောင်းဝယ်သူများထံမှ အခွန်ကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသည်။

နော်ခမ်းသည် ယခင်က ခွန်ဆာ ဦးဆောင်သော လွယ်မော်ကာကွယ်ရေးတပ်၊ ရှမ်းညီညွတ်ရေး တပ်မတော် (Shan United Army)၊ မုန်တိုင်းတပ် (Mong Tai Army) တို့တွင် ပါဝင်ခဲ့ပြီး ၁၉၉၆ ခွန်ဆာ လက်နက်ချသော အချိန်တွင် တာချီလိတ်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကာ ဒေသအာဏာပိုင်အချို့လည်း သူနှင့်ဆက်စပ်မှု ရှိသည်ဟု နယ်မြေခံများက စွပ်စွဲကြသည်။