လော-မြန်မာနယ်စပ် ပစ်ခတ်မှု ရဲအုပ် အပါအဝင် (၁၅) ဦးကျ နှစ်ဦးဒဏ်ရာ ပြင်းထန်

လော-မြန်မာနယ်စပ် ပစ်ခတ်မှု ရဲအုပ် အပါအဝင် (၁၅) ဦးကျ နှစ်ဦးဒဏ်ရာ ပြင်းထန်
by -
ဇော်ကြီး
လောနှင့် မြန်မာနယ်စပ် မဲခေါင်မြစ်အတွင်း နယ်မြေလှည့်ကင်းထွက်သည့် ရဲတပ်ဖွဲ့စက်လှေအား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲအုပ်အပါအဝင် (၁၅)ဦး ကျဆုံး၍ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာပြင်းထန်စွာ...

လောနှင့် မြန်မာနယ်စပ် မဲခေါင်မြစ်အတွင်း နယ်မြေလှည့်ကင်းထွက်သည့် ရဲတပ်ဖွဲ့စက်လှေအား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲအုပ်အပါအဝင် (၁၅)ဦး ကျဆုံး၍ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

တာချီလိတ်ခရိုင်၊ ၀မ်ပုံကျေးရွာရဲစခန်းမှ ရဲအုပ်ခင်မောင်ရင်ဦးစီးသည့် အင်အား(၁၆)ယောက် အဖွဲ့သည်  ယမန် နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က မဲခေါင်မြစ် အထက် ဖက်သို့ လှည့်ကင်း ထွက်ရာမှ ပစ်ခတ်ခံရခြင်းဖြစ်သည်။

ထိုစက်လှေထွက်သွားပြီး မကြာမီ မြစ်အတွင်းအလောင်းများမျောလာရာမှ တိုက်ပွဲဖြစ်ပွား သည်ကိုသိရှိပြီး သက် ဆိုင်ရာဒေသအာဏာပိုင်များက လိုက်လံရှင်းလင်းခဲ့သည်ဟု ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“အခုလိုဖြစ်တာကို ဘယ်သူမှမသိဘူး။ ဒီအလောင်းတွေမျောလာမှ အလောင်းတွေကိုတွေ့တော့မှ စော စောကပဲ အဲဒီအဖွဲ့တွေတက်သွားတယ်၊ တစ်ခုခုတော့ဖြစ်ပြီဆိုပြီး သိကြရတာ။ အဲလိုသိပြီးမှ ဒီတာချီ လိတ်မြို့က ပူးပေါင်းအဖွဲ့တွေက လိုက်သွားကြတာ။” 

ရဲအုပ်ခင်မောင်ရင်အပါအဝင် (၄)ဦး၏ အလောင်းမှာ ပျောက်ဆုံးနေပြီး ပြည်သူ့စစ် အပါအဝင် ရဲတပ်ဖွဲ့ဝင်(၁၁)ဦး နှင့် စက်လှေသမားတစ်ဦး၏အလောင်းအား ၀မ်ပုံပြည်သူ့ဆေးရုံ၌ ထားရှိသည်ဟု ၎င်းကဆက်ပြောသည်။

“၁၆ ယောက်သွားတဲ့အထဲမှာ ဒဏ်ရာနဲ့ နှစ်ယောက်ပဲ အသက်ရှင်လျှက်ပြန်ရတယ်။ ကျန်တဲ့သူတွေ အားလုံးကျဆုံးတယ်။ ရဲအုပ်နဲ့အတူ အလောင်းလေးလောင်းပျောက်နေတယ်။”

ဒုရဲအုပ် စိန်လှိုင်နှင့် တပ်သားကြီးမူတို့နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး တာချီလိတ်ဆေးရုံ တွင် အတွင်းလူနာ အဖြစ် ကုသခံနေသည်။

အခင်းဖြစ်ပွားပြီးနောက် တာချီလိတ်မြို့တွင် လုံခြံုရေးတင်းကြပ်စွာချထားပြီး လူအဝင်အထွက်စစ်ဆေးမှုများ ပြု လုပ်နေသည်ဟု မြို့ခံတစ်ဦးကပြောသည်။

မည်သည့်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခြင်းကို အတိအကျမသိရသေးသော်လည်း နော်ခမ်း ဦးဆောင်သည့် မူးယစ် ဆေးကုန်သည်များ ကျက်စားရာ ရွှေတြိဂံဒေသ တဝှိုက်တွင် ဖြစ်ပွားသည့်အတွက် ထိုအဖွဲ့မှ လက်ချက်ဖြစ်နိုင် သည်ဟု အာဏာပိုင်ဖက်က ခန့်မှန်းပြောဆိုနေ ကြသည်။

ယင်းကိစ္စစုံစမ်းဖော်ထုတ်ရန် ကျိုင်းတုံမှ ရှမ်းပြည်အရှေ့ပိုင်းပြည်နယ်ရဲမှူးကြီးကိုယ်တိုင် တာချီလိတ်သို့ ရောက်ရှိ နေသည်ဟု သတင်းရရှိသည်။ 

ထိုဒေသ တဝိုက်၌ပင် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်တွင်လည်း ယခုလိုဖြစ်ရပ်မျိုး တစ်ကြိမ်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် လေးဦးကျဆုံးသွားသည်။

Most read this week