အတိုက်အခံများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ကုန်စျေးနှုန်း ကျဆင်းရေး ဆန္ဒပြသူများဖြင့် ဖွဲ့စည်းထားသည့် ရန်ကုန်အခြေစိုက် MDC ခေါ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ အဖွဲ့က စစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်ပြီး နိုင်ငံရေးလှုပ်ရှားမှုကို ပြန်လည်စတင်လိုက်သည်။
MDC အဖွဲ့ဝင်များက ရန်ကုန်မြို့၌ ကုန်စျေးနှုန်းကျဆင်းရေး ဆန္ဒပြတောင်းဆိုခဲ့သည့် ၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဒေါ်စန်းစန်းမြင့် နေအိမ်၌ ယနေ့ နံနက်တွင် ကျင်းပရာ ၎င်းတို့က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အိတ်ဖွင့်ပေးစာ ပေးပို့၍ ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“မနှစ်တုန်းက တောင်းဆိုခဲ့တဲ့ ကုန်စျေးနှုန်း ကျဆင်းရေး ၁၇ ချက် အပေါ်မှာပဲ အခြေခံပြီး တောင်းဆိုတာ။ ဒီနှစ်ကျတော့ ဟိုတလောက ဖြစ်သွားတဲ့ အလုပ်သမား ဆန္ဒပြမှုတွေဟာ တိုင်းပြည်မှာ နိုင်ငံရေး မပြေလည်မှုတွေကြောင့် ဖြစ်နေတာ။ ဒါကြောင့် နိုင်ငံရေး ပြေလည်အောင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ အမြန်ဆုံး ဆွေနွေးဖို့ တောင်းဆိုထားပါတယ်” ဟု MDC အဖွဲ့ဝင် ကိုသိန်းအောင်တွန်းက ပြောသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ ပြီးခဲ့သည့်နှစ်ကလည်း အလားတူ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့သော်လည်း မည်သည့်တုံ့ပြန်ချက်မှ မရရှိသဖြင့် ယခုနှစ်တွင်ပါ ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာကို စစ်အစိုးရအကြီးအကဲသို့ပါ ပေးပို့လိုက်ခြင်း ဖြစ်သည်။
၎င်းတို့၏ ယခင်က တောင်းဆိုချက် ၁၇ ချက်ထဲတွင် ကုန်စျေးနှုန်ကျဆင်းရေး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ပြန်လွှတ်ပေးရေး၊ နိုင်ငံတော်တွင် နိုင်ငံရေးမပြေလည်မှုကြောင့် စားဝတ်နေရေး ပြဿနာများ ကြံုတွေ့နေပြီး ပြည်သူအများ ဒုက္ခရောက်နေသည်ကို အမြန်ဆုံး ဖြေရှင်းပေးရေး ပါဝင်ကြောင်း သိရသည်။
ယနေ့အခမ်းအနားသို့ MDC အဖွဲ့ဝင် ကိုမြင့်ရွှေ၊ ကိုအေးလွင်၊ ကိုအေးကြည်၊ ကိုတင်မင်းနိုင်နှင့် ကိုသိန်းအောင်ထွန်း အပါအဝင် အင်္ဂါဆုတောင်းအဖွဲ့နှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ လူဦးရေ ၅ဝ ခန့် တက်ရောက်ခဲ့သည်။
၂ဝဝ၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော MDC သည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်၌ ကုန်စျေးနှုန်း ကျဆင်းရေး၊ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ပြီး ပါဝင်သူများကို အာဏာပိုင်များက လိုက်လံဖမ်းဆီးခဲ့သည်။
ထိုအထဲတွင် MDC ခေါင်းဆောင်တဦးဖြစ်သူ ကိုထင်ကျော်၊ ကိုကံမြင့်၊ ကိုဖိုးထောင််၊ ဦးဇော်ညွန့်၊ ကိုသန့်ဇင်မျိုး၊ ကိုသန့်ဇော်မြင့်တို့အပြင် တောင်းဆိုမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူများ နှစ်ရှည် ထောင်ဒဏ်များ ကျခံနေရသည်။
၂ဝဝ၇ ခုနှစ် ကုန်စျေးနှုန်း ကျဆင်းရေးတွင် ဦးဆောင်ဆန္ဒပြခဲ့သည့် ကိုထင်ကျော်ကို ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလအတွင်း ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့ရာ၊ ယခုအခါ ကချင်ပြည်နယ် ခန္တီးထောင်သို့ ပို့ဆောင်ထားသည်။
“ကိုထင်ကျော် အပါအဝင် ကုန်စျေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြခဲ့တဲ့သူတွေဟာ နိုင်ငံရေး တောင်းဆိုမှုတွေ လုပ်တာလည်း မဟုတ်ဘူး။ ပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲပြဿနာကို ပြေလည်အောင် တောင်းဆိုတာပါ။ နိုင်ငံတော်ကို အကြည်ညိုပျက်အောင် လုပ်တာလည်း မဟုတ်ပါဘူး။ ဘာကြောင့် သူတို့ကို နှစ်ရှည်ထောင်ဒဏ် ပေးလဲဆိုတာ မပြောတတ်တော့ဘူး။ ဒါကြောင့် ကိုထင်ကျော်နဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသားတွေ အားလုံးကို အမြန်ဆုံး လွှတ်ပေးပါလို့ တောင်းဆိုပါတယ်” ဟု ကိုသိန်းထွန်းအောင်က မဇ္စျိမကို ပြောသည်။
MDC ၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို အာဏာပိုင်များက စောင့်ကြည့်မှုများ ရှိခဲ့သော်လည်း အနှောင့်အယှက် တစုံတရာ မပေးခဲ့ကြောင်းနှင့် လာရောက််စောင့်ကြည့်သော အာဏာပိုင်များကိုလည်း အိတ်ဖွင့်ပေးစာကို ပေးလိုက်ကြောင်း သိရသည်။