အောင်လံမြို့နယ်၌ လယ်ယာများ သိမ်းခံရသဖြင့် အလုပ်သမား အဖွဲ့ချုပ်သို့ ဦးဆောင် တိုင်ကြားပေးသဖြင့် သရက်ထောင်၌ အကျဉ်းကျနေသူ နှစ်ဦးနှင့် စက်တင်ဘာသံဃာတပါး တို့၏ အသက် အန္တရာယ် စိုးရိမ်ရကြောင်း သရက်ထောင်မှ လွတ်လာသူတဦးကပြောသည်။
လယ်ယာများ သိမ်းခံရမှုကို အလုပ်သမားအဖွဲ့ချုပ်သို့ ဦးဆောင် တိုင်ကြားပေးသဖြင့် နိုင်ငံတော်လျို့ ဝှက်မှုပေါက်ကြားစေသည်ဟုဆိုကာ ထောင်ဒဏ် ၁ဝ ချမှတ်ခံထားရသူ ကိုဇော်ဌေး၊ သူ၏ရှေ့နေ ကိုဖိုးဖြူ၊ စက်တင်ဘာသံဃာ ဦးကောဝိဒ တို့အတွက် စိုးရိမ်နေရသည်ဟုဆိုသည်။
ရှေ့နေကိုဖိုးဖြူသည် ကိုဇော်ဌေး၏အမှုအား ဥပဒေ အကျိုးဆောင်ပေး နေစဉ် အဖမ်းခံရပြီး ထောင် ဒဏ် ၄ နှစ် အကျဉ်းကျနေသည်။
ကိုဇော်ဌေးနှင့် စက်တင်ဘာ သံဃာ ဦးကောဝိဒ တို့ကို ယခုလ ၁၈ ရက်နေ့က သေဒဏ်အကျဉ်းသား ကိုအောင်ဝင်း ဆိုသူက သံတုတ်ဖြင့် ရိုက်ခဲ့ကြောင်း မကြာမီက ထောင်မှပြန်ထွက်လာသူ အောင်လံ မြို့နယ်မှ တောင်သူ ဦးသန်းစိုးက ပြောသည်။
“ကိုဇော်ဌေးက ၄ တိုက်မှာ။ ဘာမှအပြစ်မရှိဘဲ ရိုက်သွားတယ်။ ဦးကောဝိဒ မျက်ခုံးကွဲသွားတယ်။ မျက်စေ့ထိသွားတယ်။ ကိုဇော်ဌေးက နဖူးကွဲသွားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
သရက်ထောင်တွင်း၌ ဆေးဝါးလုံလောက်မှု မရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံမှု မရှိ ကြောင်းလည်း သိရသည်။
တောင်သူဦးသန်းစိုးသည် လယ်ယာအသိမ်းခံထားရသဖြင့် ILO သို့ တိုင်ကြားသူ ၁ဝ ဦးကျော်မှ တဦးဖြစ်သည်။ ကိုဇော်ဌေးက သူတို့ကိုယ်စား ILO နှင့် ဆက်သွယ်ဆောင်ရွက်သူဖြစ်သည်။
ILO ၏ ကြားဝင် ဖြေရှင်းပေးမှုကြောင့် တောင်သူများ ယာပြန်လုပ်ခွင့်ရခဲ့သည်။ လုပ်ငန်း စတင် ချိန် တွင်၌မူ ပိုင်နက်ကျူးလွန်သည်ဟုဆိုကာ အာဏာပိုင်များ၏ ထောင်ချခဲ့သည်။ သို့သော် ILO က ကြား ဝင် ဖြေရှင်းသဖြင့် ယခုလ ၁၉ ရက်နေ့က ပြန်လွတ်လာကြသည်။
ယခင်လကလည်း ရှေ့နေကိုဖိုးဖြူကို ချဲမှုနှင့် ထောင်ကျနေသူ ကိုအေးဝင်းဆိုသူက ဝင်ရောက် ထိုး ကြိတ်မှုတခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဦးသန်းစိုးက “အဲဒီမှာ ကိုဖိုးဖြူကို မထိုးမိပေမဲ့ ကျနော်က ကာကွယ်ပေးလိုက်ရတဲ့ အနေအထားပေါ့။ ဒီလို လက်ရဲဇက်ရဲနဲ့ လုပ်နိုင်တဲ့ လူတွေကို ထောင်ထဲမှာ လက်ကိုင်တုတ် သဘောထားတာ။ ဦးကောဝိဒလည်း စိုးရိမ်ရတယ်” ဟု ပြောသည်။
ရှေ့နေ ဖိုးဖြူအား ရာဇဝတ်သားများနှင့် အတူ အဆောင် (၁) အပေါ်ထပ်တွင် ဖမ်းထားခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများနှင့် ရာဇဝတ်သားများအား အတူထားခြင်းမပြုရန် တောင်းဆို ထားကြသော် လည်း ပြင်ဆင်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ယင်းသို့ ရိုက်နှက် ထိုးကြိတ်မှု ကျူးလွန်သူများကို ဦးသန်းစိုး ထောင်မှ လွတ်သည့် ယခုလ ၁၉ ရက် နေ့အထိ တစုံတရာ အရေးယူခြင်း မရှိသေးကြောင်းလည်း သိရသည်။
ကိုဇော်ဌေးအား ထောင်ရာဇဝတ်သားတဦးက ရိုက်နှက်မှုကို သိရှိကြောင်း အမှုအယူခံ ကိစ္စများ ဆောင်ရွက်နိုင်မှ ILO က ဝင်ရောက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ILO အရာရှိတဦးက ပြောသည်။
ကိုဇော်ဌေး၏ အမှုကို ယခင်နှစ် အောက်တိုဘာလက မန္တလေးတိုင်း တရားရုံးချုပ်က ပယ်ချခဲ့သော် လည်း နောက်ထပ် အယူခံ ထပ်တင်ရန် ကိုယ်စားလှယ်လွဲစာ ယနေ့ထိ မရသေးကြောင်း ကိုဇော်ဌေးနှင့် ကိုဖိုးဖြူတို့ အမှုကို လိုက်ပေးနေသူ ရှေ့နေဦးမြင့်သွင်ထံမှ သိရသည်။
သရက်ထောင်အတွင်း၌ ILO နှင့် ဆက်သွယ်သဖြင့် မစုစုနွေး၊ ကိုဇော်ဌေး၊ ဦးအေးမြင့်၊ ကိုဌေးအောင်၊ ကိုမြင့်မောင်၊ ကိုဉာဏ်မြင့်၊ ကိုသူရအောင်နှင့် ရှေ့နေကိုဖိုးဖြူ တို့ အဖမ်းခံနေကြရခြင်းဖြစ်သည်။