မလေးရှားရှိ ဒုက္ခသည်စခန်း ရေပြဿနာ ကြံုနေ

မလေးရှားရှိ ဒုက္ခသည်စခန်း ရေပြဿနာ ကြံုနေ
by -
ဆလိုင်း ဟံသာစန်း
မလေးရှားနိုင်ငံ အနောက်တောင်ဘက် နီဂီရီ ဆမ်ပီလန် (Negeri Sempilan) ပြည်နယ်ရှိ လန်ဂျန်း (Lang Geng) အမည်ရှိ မြန်မာနိုင်ငံသား အများစု ရှိနေသည့် ဒုက္ခသည်စခန်းတွင် သောက်သုံးရေမလုံလောက်မှုနှင့် ကြံုတွေ့နေရကြောင်း ဒုက္ခသည်များအဆိုအရ...

မလေးရှားနိုင်ငံ အနောက်တောင်ဘက် နီဂီရီ ဆမ်ပီလန် (Negeri Sempilan) ပြည်နယ်ရှိ လန်ဂျန်း (Lang Geng) အမည်ရှိ မြန်မာနိုင်ငံသား အများစု ရှိနေသည့် ဒုက္ခသည် စခန်းတွင် သောက်သုံးရေမလုံလောက်မှုနှင့် ကြံုတွေ့နေရကြောင်း ဒုက္ခသည်များအဆိုအရ သိရသည်။

ဒုက္ခသည်ပေါင်း ၁၄ဝဝဝ ကျော် ရှိနေသည့် အဆိုပါ စခန်းတွင် ယခင်က အချိန်ပြည့် ရေရရှိနိုင်သော်လည်း ယခုလ ၁၂ ရက်နေ့မှ စတင်ကာ တနေ့လျှင် အချိန် အနည်းငယ်သာ ရေရရှိတော့သဖြင့် ဒုက္ခသည်များ သောက်သုံးရေ အခက်အခဲ ကြံုတွေ့နေရကြောင်း သိရခြင်း ဖြစ်သည်။

“အရင်က ရေ ၂၄ နာရီလာတာတောင် ရေမလောက်ဘူး။ အခုက အရင်ထက် ၃ ပုံ ၁ ပုံ လောက်ပဲ ရေလာတော့ မျက်နှာသစ်ဖို့တောင် ရေမလောက်ဘူး။ ရေမချိုးရတဲ့ လူတွေလည်း အများကြီးပဲ။ အိမ်သာတက်ဖို့လည်း ရေမရှိတော့ အိမ်သာတွေလည်း နံစော်နေတာပဲ” ဟု Lang Geng စခန်းအတွင်းရှိ အမည်မဖော်လိုသူ မြန်မာဒုက္ခသည် တဦးက မဇ္စျိမကို ပြောသည်။

ယခုလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရေမရရှိသဖြင့် ၁၁ ရက်နေ့တွင် ဒုက္ခသည်များက ဆန္ဒပြခဲ့ကြကြောင်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် မလေးရှားထောင်တွင် ထောင်ဒဏ် ရ လ ကျခံခဲ့ပြီးနောက် လွန်ခဲ့သည့် ၄ လခန့်ကတည်းက အဆိုပါ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာခဲ့သူ မြန်မာဒုက္ခသည်တဦးကလည်း ပြောဆိုသည်။

သူက “အဲဒီနေ့က ၁၁ ရက်နေ့။ ရေမလာတာ ၄ ရက်ရှိပြီ။ ထမင်းစားပြီး လက်ဆေးစရာ ရေမရှိတော့ဘူး။ အဲဒါနဲ့ ကျနော်တို့ အကုန်လုံး ထမင်းပန်းကန်တွေ အကုန်လုံး လွှင့်ပစ်ပြီး ဆန္ဒပြကြတယ်။ အဲဒီကျမှ စခန်းတာဝန်ခံ ရောက်လာပြီး ရေပြန်ပေးမယ် ကတိပေးတာ” ဟု ပြောသည်။

အဆိုပါ ဒုက္ခစခန်းသည် မလေးရှား လူဝင်မှုကြီးကြပ်ရေး (လဝက) က ဖွင့်လှစ်ထားသည့် စခန်းဖြစ်ပြီး မြန်မာဒုက္ခသည် ၆ဝဝ ကျော်အပါအဝင် အာဖရိက၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ်နှင့် ပါကစ္စတန် နိုင်ငံများမှ ဒုက္ခသည် စုစုပေါင်း ၁၄ဝဝ ကျော် ရှိကြောင်း သိရသည်။

စခန်းအတွင်း A ၊ B ၊ C ၊ D ဟူ၍ နှစ်ထပ်အဆောင် ၄ ဆောင် ရှိပြီး တဆောင်လျှင် ဒုက္ခသည် ဦးရေ ၃ဝဝ မှ ၆ဝဝ အတွင်း ထားရှိကာ တဆောင်အတွက် အိမ်သာ ၄ လုံးနှင့် အလျား ရ ပေ၊ အနံ ၂ ပေ ခွဲ၊ အမြင့် ၃ ပေရှိ သောက်သုံးရေကန်တကန် ပါရှိသည်။

သောက်ရေကိုလည်း အဆိုပါ ရေကန်များမှပင် ရေစစ်ဖြင့် ခံယူကာ သောက်သုံးစွဲရကြောင်းနှင့် ရေမလာသည့် ၄ ရက်လုံးတွင် စခန်းပြင်ပရှိ ဒေသခံများထံမှ သုံးရေ များကိုသာ ယူသောက်ခဲ့ကြရကြောင်း မြန်မာဒုက္ခသည်များက ပြောဆိုသည်။

ယခုလို ရေပြတ်လပ်ခြင်းအပြင် ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ အစားအသောက် အာဟာရ မရှိခြင်း၊ နေရာထိုင်ခင်း မသန့်ရှင်းမှုတို့ကြောင့် နာမကျန်း ဖြစ်နေသူပေါင်း ၂၅ ဦးခန့်ရှိနေသည်ဟု သူတို့က ဆိုသည်။

''စခန်းအာဏာပိုင်တွေက ဖျားနာတဲ့သူ ၃ဝ လောက်ရှိရင် ခေါ်ချင်တဲ့သူ ၃-၄ ယောက်ပဲ ခေါ်သွားတာမျိုး လုပ်တယ်။ တီဘီ (အဆုတ်) ရောဂါဖြစ်နေတဲ့သူကိုလည်း လူကောင်းတွေနဲ့ အတူရောထားတာမျိုး ရှိတယ်။ ဒါကြောင့်မို့ ကူးမှာကို ကြောက်နေကြရတယ်။ အစားအသောက်ကျ ပုပ်နေတဲ့ ငါးကို ကြော်ထားတာမျိုးတွေ၊ သိုးနေတဲ့ ထမင်းတွေ ကျွေးတာမျိုးလည်း ရှိတယ်။ အိပ်ရပြန်တော့လည်း တမံသလင်းမှာပဲ အခင်းခင်းပြီးတော့ အိပ်ရတယ်။ ဒါမျိုးတွေပေါ့နော်'' ဟု ဒုက္ခသည်တဦးက ပြောသည်။

အဆောင်တဆောင်လျှင် လူဦးရေ ၂ဝဝ ခန့်သာ ဝင်ဆန့်သော်လည်း အနည်းဆုံး ၃ဝဝ အထက် ထားရှိသည်။  

မလေးရှားတွင် Lang Gang စခန်းကဲ့သို့ လူဝင်မှုကြီးကြပ်ရေးဌာန - လဝက မှ ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်း အနည်းဆုံး ၁ဝ ခု ရှိပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများ၊ ယင်းအမှုဖြင့် ထောင်မှ လွတ်မြောက်လာသူများနှင့် အခြား လဝက ဥပဒေနှင့် ငြိစွန်းသူများကို မိခင်နိုင်ငံသို့ ပြန်မပို့မီ ယခုစခန်းများတွင် ထားလေ့ရှိသည်။

လူသားချင်းစာနာသည့်အနေဖြင့် ဒုက္ခသည်များအတွက် လုံလောက်သည့် အကူအညီများ ပေးပါရန် မလေးအစိုးရကို တောင်းဆိုလိုကြောင်း မလေးရှားအခြေစိုက် ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ (ARRC) ဒုဥက္ကဋ္ဌ ကိုသန်းဦးက ပြောသည်။

“မလေးရှား အစိုးရကို တောင်းဆိုချင်တာက ဒုက္ခသည်တွေကို မိခင်နိုင်ငံ မပို့ခင် စခန်းမှာ ထားတဲ့အချိန် လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ လုံလောက်တဲ့ အကူအညီတွေ ပေးဖို့ တောင်းဆိုလိုပါတယ်” ဟု သူက ပြောသည်။

အာဏာပိုင်များအနေဖြင့် ဒုက္ခသည်များ၏ နေထိုင်စားသောက်ရေးများကို ယခုအခြေအနေထက် ပိုမိုကောင်းမွန်အောင် စီစဉ်ပေးရန်နှင့် လုပ်ဆောင်ခြင်း မရှိပါက ယခု ထက် ပိုမိုပြင်းထန်သည့် နည်းလမ်းများဖြင့် ဆန္ဒပြသွားမည်ဖြစ်ကြောင်း စခန်းအတွင်း နေထိုင်သူ မြန်မာဒုက္ခသည်များက ဆိုသည်။

စခန်းတွင်း လက်ရှိအခြေအနေများကို သိရှိနိုင်ရန် စခန်းအာဏာပိုင်များထံ ဖုန်းဆက်သွယ် ခေါ်ဆိုခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မလေးရှားတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူ ၂ဝ၁၉ဝဝ ဦးအနက် မြန်မာနိုင်ငံသား ၆၁၅ဝဝ ဦး ပါဝင်ပြီး ဒုက္ခသည် အသိအမှတ်ပြု နိုင်ငံများအနက် လူဦးရေ အများဆုံးဖြစ်ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် မလေးရှားရှိ UNHCR ရုံး၏ စာရင်းတွင် ဖော်ပြ ခဲ့သည်။