၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်များအား စစ်အစိုးရက တိုက်ခိုက်မည့်သတင်းနှင့်အတူ လာမည့် နှစ်လ အတွင်း သျှမ်းပြည်တပ်မတော် SSA လည်းထိုးစစ်ဆင် တိုက်ခိုက်ခံရမည်ဟူသော သတင်းကြောင့် နယ်စပ်စီးပွားရေးမတည်မငြိမ် ဖြစ်လာကြောင်း စုံစမ်းသိရှိရပါသည်။
“ ဒီတစ်လ နှစ်လအတွင်း ဗမာတပ်နဲ့ သျှမ်းတပ်တိုက်တော့မယ်ဆိုတဲ့သတင်းထွက်နေလို့ စီးပွားရေးအခြေ အနေမငြိမ်ဘူး၊ ဟိုအကြောင်းပြ ဒီအကြောင်းပြ စစ်ဆေး တာလဲ များတယ်။ အရစ်ကျငွေကြေးစုတဲ့သူလဲ ပြန်ရုပ်နေကြတယ် ”- ဟု တာချီလိတ်မြို့ ခံတဦးကပြောပါသည်။
ပြီးခဲ့သည့် အပတ်မှစ၍ တာချီလိတ်မြို့အနီးတဝိုက် သျှမ်းသူပုန်များဖြတ်သန်းသွားလာကြောင်း၊ ၎င်းတို့သည် တာချီလိတ်မြို့အား သိမ်းပိုက်ရန် ကြံစည်နေကြောင်း၊ ပြည်သူများသတိ၀ိရယ ထားကြရမည်ဟု အစိုးရဝန် ထမ်းများထံမှ ကြားသိရကြောင်း အဆိုပါပုဂ္ဂိုလ်က ပြော၏။
ထို့အတူ ဒေသခံအာဏာပိုင်များကလည်း မသင်္ကာသည့်အိမ်များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးလေ့ရှိ သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ခရီးသွားများ အတွက် အနှောင့်အယှက်ဖြစ်နေကြောင်း - တာချီလိတ် မှ ကုန်သည်တဦးက ဤကဲ့သို့ရှင်းပြပါသည်။
“စိတ်ထင်ရင်ထင်သလို ခေါ်စစ်တယ်။ မူးယစ်ဆေး ဘမ်းပြပြီးခြိမ်းခြောက် ငွေညှစ်လေ့ရှိတော့ အရောင်းအဝယ် ထိခိုက်တယ်။ တခါတလေ သူပုန်သတင်း ရတယ်ဆိုပြီး အချိန်အခါမတော် ဧည့်စာရင်းတက်စစ်တယ်။ တာချီလိတ် ဘက်က အဲလိုဖြစ်နေတော့ မယ်ဆိုင်ဖက်မှာလဲ ရောင်းဝယ်မကောင်းဘူး၊ လိုးတပ်စ် Lotus ကုန်တိုက်ဆို ခြောက် ကပ်နေတာဘဲ”
စစ်အာဏာပိုင်များနှင့် ရင်းနှီးသူတဦးကလည်း တာချီလိတ်မြို့တွင် ရပ်ကွက်/မြို့နယ်အာဏာပိုင်များအပြင်အမြဲတမ်းလှုပ်ရှား နေ သည့် ပုလိပ်/မူးယစ်ရဲ၊ စစ်တပ်/စရဖနှင့် နေပြည်တော်/ ကျိုင်းတုံ တို့မှလာသည့် မူးယစ် အထူး နှင့် စရဖ MAS စစ်ထောက် လှမ်းရေးများလည်း ရှိသည်ဟု ဆို၏။
နယ်စပ်တလျှောက် မတည်ငြိမ်သည့်နိုင်ငံရေးကြောင့် တာချီလိတ်မြို့ပေါ် ပြောင်းရွေ့နေထိုင်ရန် တရုတ်သူဌေး များမြေကွက် လုဝယ်ကြသဖြင့် မြေစျေးမှာလည်း ယခင် (၈၀x ၆၀ ပေ) ဘတ် ၂ သိန်းမှ ယခုတဘတ်သန်းကျော် အထိ တက်လာကြောင်း အဆိုပါမြို့ခံက ပြောပြပါသည်။