ရွှေ့ပြောင်း အလုပ်သမား တစ်ဦး ထိုင်းနိုင်ငံ ဟတ်ယိုင် ဒေသတွင် အသတ်ခံရ

ရွှေ့ပြောင်း အလုပ်သမား တစ်ဦး ထိုင်းနိုင်ငံ ဟတ်ယိုင် ဒေသတွင် အသတ်ခံရ
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်ဒေသရှိ ရာဘာခြံတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားတစ်ဦး...

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်ဒေသရှိ ရာဘာခြံတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အသတ်ခံရသည်။

အသတ်ခံရသူမှာ အသက် ၁၅ နှစ်အရွယ်ရှိ မင်းဗညားဖြစ်ပြီး၊ ထိုင်းလူရမ်းကားတို့က ဟတ်ယိုင်ဒေသ အမ်ဘေနာထဝီ ကော်မော်ရပ်ကွက် ၁၅ တွင် သတ်ဖြတ်ခဲ့သည်။

“၆ နာရီကျော်လောက်မှာ ဆိုင်ကယ်နှစ်စီး ဝင်လာတယ်၊ သူတို့လူ ၄ ယောက်နဲ့ပေါ့၊ ဆိုင်ကယ်ကို တဲရှေ့မှာ ရပ်ပြီးတော့ တဲထဲဝင်လာတယ်၊ အဲဒီအချိန်မှာ ကျမနဲ့ ကျမယောကျာင်္က ထမင်းချက်နေတယ်၊ အသတ်ခံရတဲ့ ခလေးက ရေချိုးနေတယ်၊ သူတို့ တဲထဲရောက်လာတော့ ကျမတို့နှစ်ယောက်ကို ကြိုးနဲ့ဝင်ချည်တယ်၊ ကျမမှာလည်း တစ်နှစ်အရွယ် ခလေးတစ်ယောက် ရှိနေတယ်၊ အဲဒီအချိန်မှာ ခလေးက တဲပေါ်က ပြုတ်ကျသွားတော့ သူတို့က ကျမကို လွှတ်လိုက်တယ်၊ ကျမကလည်း ခလေးကို ကောက်ပြီးတော့ ထွက်ပြေးတယ်” ဟု လွတ်မြောက်သွားသည့် အမျိုးသမီးက ပြောသည်။

ထိုအမျိုးသမီးနှင့် ခလေး ထွက်ပြေးသွားပြီး အနည်းငယ်ဝေးကွာသွားသည့်အခါ ထိုတဲသို့ အလည်လာသည့် ဆိုယ်ကယ်တစ်စီးနှင့် တွေ့သွားပြီး အမျိုးသမီးက ဆိုင်ကယ်နှင့် လိုက်ပါသွားသည်။ ထိုအချိန်မှာ ချည်နှောင်ခံထားရသည့် အမျိုးသားကလည်း ထွက်ပြေးသွားရာ တဲနှင့်အနည်းငယ်ဝေးသွားရာမှ သေနတ်သံကြားလိုက်ရသည်။

“သေနတ်သံကြားတော့ ကိုယ့်တူလေး အပစ်ခံရတယ်ဆိုတာ သေချာသွားပြီ၊ သူတို့လည်း ခလေးကို ပစ်ပြီးတော့ ထွက်သွားတာပဲ၊ ကျနော်တို့ တဲကိုပြန်ရောက်တဲ့အချိန်မှာ ခလေးက သေနေပြီ” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ထိုရာဘာခြံအနီးအနားတဝိုက်ရှိ လူများကလည်း သေနတ်သံကြားပြီးနောက် ထိုတဲဆီသို့ ပြေးလာကြရာ သေနတ်ဒဏ်ရာနှင့် သေနေသည့်ခလေးကိုသာ တွေ့ခဲ့ရသည်ဟု ဆိုသည်။

သေဆုံးသွားသည့်ခလေးသည် ထွက်ပြေးလွတ်မြောက်သွားသူတို့၏ တူအရင်းဖြစ်သည်။ ထိုအခင်းဖြစ်ပွားပြီး မကြာမီတွင် ထိုင်းရဲများ ရောက်လာပြီး ခလေး၏အလောင်းကို စစ်ဆေးရန်အတွက် သယ်ယူသွားခဲ့သည်။

ထိုင်းရဲတို့က “အဲဒီလူတွေကို ခင်ဗျားတို့ မှတ်မိလား၊ မှတ်မိရင် ကျနော်တို့ကို ပြောပြပါ၊ ဒီအတိုင်းထားလို့ မရဘူး၊ ဒီအမှုကို ဖော်ထုတ်ရမယ်” ဟု ကာယကံရှင်ကို ပြောသွားခဲ့သည်။

“ယခုလိုအဖြစ်မျိုးအတွက် အရမ်းခံစားရတယ်၊ ထိုင်းမှာ အလုပ်လုပ်ရတာ မကောင်းတော့ဘူး၊ ဒီလိုအဖြစ်မျိုးဟာ ခဏခဏကြားရပေမယ့် ကိုယ့်အနီးအနားမှာ မဟုတ်တော့ သိပ်တော့မခံစားရသလိုပဲ၊ အခုက ကိုယ့်အနားမှာ လာဖြစ်တယ်ဆိုတော့ အရမ်းလည်း ခံစားရတယ်၊ စိတ်လည်း မကောင်းဘူး၊ ကိုယ့်မွန်လူငယ်တွေ အခုလို သေဆုံးရတာ နည်းတာမဟုတ်တော့ဘူး၊ ဖြစ်နိုင်ရင် ကိုယ့်မွန်လူမျိုးတွေ လာကိုမလာစေချင်တော့ဘူး၊ အခုလို မိဘနဲ့ဝေးတဲ့နေရာမှာ အသတ်ခံရတာ၊ ကိုယ်ထိရင် ကိုယ်ခံပဲ၊ ဘယ်သူလည်း လုပ်မပေးနိုင်ဘူး၊ ဒီလိုအဖြစ်အပျက်တွေ ခဏခဏပါပဲ” ဟု အခင်းဖြစ်ပွားရာ အနီးရှိ အလုပ်သမားတစ်ဦးက ပြောသည်။

ထိုခလေးစျာပနအတွက် ရာဘာခြံရှင်သူဌေးမှ ဘတ်ငွေတစ်သောင်း ထောက်ပံ့ပေးပြီး၊ သေဆုံးသွားသော ခလေးမိဘအတွက်လည်း ဘတ်ငွေ ၃ သောင်းပေးခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

Most read this week