မြန်မာစစ်အစိုးရတပ်များသည် ကရင်နီပြည် ရှားတောမြို့နယ်ရှိ ဒေါတခူးကျေးရွာအား မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ထားသောကြာင့် ယခု ဆိုလျှင် ဒေသခံရွာသားများက ကြောက်ရွံ့၍ အခြားကျေးရွာများသို့ ထွက်ပြေးနေထိုင်ကြသည်ဟု သိရသည်။
ဒေါတခူးကျေးရွာတွင် ဒေသခံရွာသူရွာသား အိမ်ထောင်စု ၂၁ စု နေထိုင်လျက်ရှိသည်။ သို့သော် စစ်အစိုးရတပ်များ၏ ခြိမ်းခြောက်ထား မှုကြောင့် ၈ အိမ်ထောင်စုသည် ၎င်းတို့ ကျေးရွာမှ စွန့်ခွာပြီး အခြားကျေးရွာများ ဖြစ်သော ၀ါကော၊ ဒေါတနောနှင့် ဒေါမူးလဲသို့ ပြောင်းရွှေ့ နေထိုင်ကြကြောင်း ဆိုသည်။
“ရွာထဲမှာ တအားရှုပ်နေတယ်လို့ ပြောတယ်။ ရွာသူရွာသားတွေ ထွက်ပြေးကုန်ကြတယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက်လောက် ထွက်ပြေး ပြီလဲဆိုတာ မသိရဘူး။ ရွာထဲက လူတွေက ဖရိုဖရဲ ထွက်ပြေးကုန်ကြပြီလေ” ဟု ကရင်နီသတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခူဒယ်နီ ယာက ပြောပါသည်။
ဗိုလ်မှူးကြီး ကျော်ဆန်းနှင့် ဗိုလ်မှူးကြီး ဇော်ဇော် ဦးဆောင်သော စစ်အစိုုးရ ပူးပေါင်းတပ်ဖွဲ့များ ဖြစ်သည့် ခမရ ၉၉ နှင့် ၁၃၂ တို့သည် ယခင်လအတွင်းက လက်နက်ကိုင် တော်လှန်ရေး ကရင်နီတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့၍ ဒေသခံကျေးရွာအပေါ် လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲ ဖြစ်ပွားပြီးသည့်နောက် စစ်အစိုးရတပ်များသည် ဒေသခံကျေးရွာ ဖြစ်သော ဒေါတခူးရွာသားဖြစ်သူ အသက် ၁၉ နှစ်ရှိ ဘူးရယ် အား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ကို သတင်းပေးပို့သည့် စွပ်စွဲမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကာ ညှင်းပမ်းနှိပ်စက်ခဲ့သည်။
ခူဒယ်နီယာက “သူ့ကို ဖမ်းဆီးပြီး တကယ်နှိပ်စက်တယ်တဲ့။ သူ့ကို ရိုက်နှက်တယ်။ မီးနဲ့ ရှုံးဖို့ နှိပ်စက်တာတို့လည်း လုပ်နေတယ်လို့ ပြောတယ်။ မီးအပူနဲ့ နှိပ်စက် တယ်ပေါ့။ ဒါပေမဲ့ ညအချိန်မှာ သူက ပြန်ထွက်ပြေးလွတ်မြောက်လာတာ” ဟု ပြောသည်။
စစ်အစိုးရတပ်များသည် ဘူးရယ် ထွက်ပြေးလွတ်မြောက်လာသည်နှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေကာ သူ့ကို ရှာမတွေ့ပါက နောက် တခေါက် ကျေးရွာသို့ ပြန်ရောက်လာလျှင် ကျေးရွာအား မီးရှို့ပစ်လိုက်မည်ဟု ရွာသားများအား ခြိမ်ခြောက်ထားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စစ်အစိုးရတပ်များသည် ကျေးရွာအတွင်းရှိ ဆိုင်ကို ဖောက်၍ ဆိုင်တွင်းရှိ ဘီယာ၊ ခေါင်ရည်နှင့် အရက်များကို ယူသောက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ ဖြစ်သော ၀က် ၃ကောင်နှင့် ကြက် ၅ ကောင်ကို သတ်စားခြင်းနှင့် ရွာသား၏ မြင်း ၄ ကောင် ဖမ်းဆွဲသွားခြင်း စသည့်များကို လက်လွတ်စပယ် ပြုလုပ်ခဲ့သည်။
အလားတူ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စုအတွင်း၌ အခြေစိုက်သည့် ခလရ ၁၂သည် ရွာသားများကို လုပ်အားပေးများ ခိုင်းစေပြီး သတင်းပေါက်ကြားပါက ကျေးရွာများအား မီးရှို့ပစ်မည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။
“သူတို့ လာနေတဲ့ တပ်အားလုံးလိုလိုက ခြိမ်းခြောက်ပြီး ပြောတာပဲ။ တပ်တွင်း လုံခြုံရေး တစုံတရာ ထိခိုက်လာမယ်ဆိုရင် ခင်ဗျားတို့ရွာ မီးလောင်စေရမယ်။ ရွာမရှိစေရဘူး” ဟု ဒေါတမကြီးကျေးရွာအုပ်စုမှ ဒေသခံရွာသားတဦးက ပြောပါသည်။
ခလရ ၁၂သည် ဒီးမော့ဆိုမြို့နယ်အတွင်း၌ တပ်စွဲထားသော ခလရ ၂၉၅နှင့် ယခုနှစ်အတွင်းတွင် အစားထိုး ရောက်ရှိလာသည့် တပ်ရင်း ဖြစ်ပြီး ရွာသူရွာသားများကို သစ်၊ ၀ါးများ ခုတ်ခိုင်းခြင်း၊ ထင်းပို့ခိုင်းခြင်း၊ ရေခပ်ခိုင်းခြင်း၊ တပ်ခြံစည်းရိုး ကာခိုင်းခြင်း၊ ဆက်သွယ် ရေးမြောက် တူးခိုင်းခြင်း စသည့် လုပ်အားပေးများကို ခိုင်းစေလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။