နယူးဒေလီ (မဇ္စျိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ဒေါ်နော်အုန်းလှ အပါအဝင် အမျိုးသမီး ၄ ဦးကို အင်းစိန်ထောင် ခရိုင်တရားရုံးက အသင်းအဖွဲ့ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ယနေ့တွင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပြီဖြစ်သည်။
အရှေ့ပိုင်းခရိုင် တရားရုံးက ၎င်းတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံရန် ဆုံးဖြတ်လိုက်ခြင်းဖြင့် ၄ လခွဲမျှ ကြာမြင့်ခဲ့ပြီဖြစ်သော ဘုန်းကြီးကျောင်း ဆွမ်းကပ်အပြန် အဖမ်းခံခဲ့ရသူများ၏ အမှု အဖြေထွက်သွားခြင်း ဖြစ်သည်။
“၄ ယောက် စလုံးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။ အရှေ့ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်း၊ ဥပဒေ အရာရှိ ဒေါ်တင်တင်ဝင်းတို့က အမိန့်ချမှတ်လိုက်တာ” ဟု အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
ဒေါ်နော်အုန်းလှ (မှော်ဘီ)၊ မမြင့်မြင့်စန်း (ဒလမြို့နယ်)၊ မချိုချိုလွင် (သင်္ဃန်းကျွန်း) နှင့် ချိုချိုအေး ခေါ် မချို (တောင်ဒဂုံ) တို့ကို တရားရုံးက ယခုလို စီရင်ချက်ချခြင်းအပေါ် ဦးကျော်ဟိုးက ကျေနပ်မှု မရှိကြောင်း ပြောသည်။
“အမှုနဲ့ပတ်သက်ပြီး မကျေနပ်ဘူး။ သက်သေ မခိုင်လုံဘူး။ မျက်မြင်သက်သေလည်း မရှိဘူး။ သက်သေခံ စာရွက်စာတမ်း မပြနိုင်ဘူး။ သက်သေခံ စာရွက်စာတမ်းဖြစ်တဲ့ ကမ္မဝါစာရွက် ကပ်လှူခဲ့တယ်ဆိုတဲ့ အထောက်အထား မပြနိုင်ဘူး။ ကမ္မဝါစာရွက် သိမ်းဆည်းထားတဲ့ သက်သေခံအဖြစ် မပြနိုင်ဘူး။ အကပ်ခံရတဲ့ ဆရာတော်ကိုလည်း ရုံးစာအနေဖြင့် မပြနိုင်ဘူး။ ဒါကြောင့်မို့ အခုလို အမိန့်ချလိုက်တာ ဥပဒေနဲ့ မကိုက်ညီဘူး” ဟု သူက ဆိုသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၃ ရက်နေ့တွင် ဒေါ်နော်အုန်းလှတို့ ၄ ဦးသည် ရန်ကုန်တိုင်း ဒဂုံမြို့သစ် မကွေးပရိယတ္တိ စာသင်တိုက်မှ ဆွမ်းကပ်ပြီးအပြန် ရဲများ၏ ဖမ်းဆီးခြင်း ခံရကာ၊ ကျောင်းထိုင် ဆရာတော် ဦးပါမောက္ခကို ကမ္မဝါစာရွက် ၄၂ ခုကို ကပ်လှူခဲ့သည်ဟုဆိုကာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ တရားစွဲဆိုမှုကို ခံခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့ ၄ ဦးသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ် အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရားသို့ သွားရောက်ကာ ဝတ်ပြုဆုတောင်းလေ့ရှိသူများ ဖြစ်သည်။
ဖမ်းဆီးသည့် သီတင်းကျွတ် လပြည့်နေ့တွင် ပြည်တွင်းရှိ လျှို့ဝှက်ဖွဲ့စည်းထားသော သံဃာ့အဖွဲ့အစည်း အချို့က စစ်အစိုးရကို ပတ္တနိကုဇ္ဇန ကံဆောင်ပွဲဟူသည့် စစ်အာဏာပိုင်များနှင့် အဆက်အဆံမပြုရန် နိုင်ငံတဝှမ်းရှိ သံဃာတော်များကို တိုက်တွန်းထားခဲ့ကြသည်။ သံဃာအဖွဲ့များက မတရား ဖမ်းဆီးထားသော သံဃာများကို ပြန်လွှတ်မပေးပါက ထိုကဲ့သို့ ကံဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ကြသည်။
၎င်းတို့အမှုနှင့် ပတ်သက်ပြီး အယူခံဝင်သွားမည်ဟု ဦးကျော်ဟိုးက ပြောသည်။