ပြည်ထောင်စုနေ့မိန့်ခွန်း ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည်ထည့်မပြော

ပြည်ထောင်စုနေ့မိန့်ခွန်း ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည်ထည့်မပြော
သျှမ်းပြည် ပင်လုံ၌ ယနေ့ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည် တခွန်းတပါဒမျှ မလှစ်ဟသည့် နအဖ အကြီးအကဲ ဗိုလ်သန်းရွှေ၏ မိန့်ခွန်းသဝဏ်လွှာကို ဒေသခံပြည်သူအား ဆင့်ခေါ်ပြီး နားထောင်စေခဲ့သည်ဟု...

သျှမ်းပြည် ပင်လုံ၌ ယနေ့ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည် တခွန်းတပါဒမျှ မလှစ်ဟသည့် နအဖ အကြီးအကဲ ဗိုလ်သန်းရွှေ၏ မိန့်ခွန်းသဝဏ်လွှာကို ဒေသခံပြည်သူအား ဆင့်ခေါ်ပြီး နားထောင်စေခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

သျှမ်းပြည် ပင်လုံ၌ ယနေ့ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည် တခွန်းတပါဒမျှ မလှစ်ဟသည့် နအဖ အကြီးအကဲ ဗိုလ်သန်းရွှေ၏ မိန့်ခွန်းသဝဏ်လွှာကို ဒေသခံပြည်သူအား ဆင့်ခေါ်ပြီး နားထောင်စေခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“ပင်လုံမှာ ပြည်ထောင်စုနေ့အခမ်းအနားကို သမိုင်းဝင်ပင်လုံကျောက်တိုင်မှာကျင်းပတယ်။ ပြည်ထောင်စု သန္ဓေတည်ရာ ပင်လုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း နာမည်နာမ တခွန်းတပါဒမှမပြောဘူး။ ” - ဟု ပင်လုံသားတဦးက ပြောပြပါသည်။

ဖေဖေါ်ဝါရီ ၁၂ ရက် ယနေ့ကျရောက်သော ၆၃ နှစ် မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို သျှမ်းပြည်   မြို့နယ်တိုင်း၌ ဒေသခံ နအဖ အာဏာပိုင်တို့မည်ကာမတ္တ ကျင်းပခဲ့ကြောင်း၊ အခမ်းအနား၌ မြို့နယ်အကြီး အကဲများက နအဖထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေးပို့ခဲ့သော ၅ မိနစ်ကြာ မိန့်ခွန်း သဝဏ်လွှာ ဖတ်ကြား ရကြောင်း၊ ထိုသဝဏ်လွှာတွင် ပုံတောင်ပုံညာ၌တွေ့ရှိသော နှစ်သန်း ၄၀ ခေတ်က ပရိုင်းမိတ် အကြောင်း အစချီပြီး ယခုနှစ်အတွင်း ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအထိ သမိုင်းကြောင်းများ ထုတ်ဖေါ်ခဲ့သော်လည်း ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည် တလုံးတပါဒမှ ပါ၀င်ခြင်းမရှိဟုဆို၏။

“ဗမာ့သမိုင်းမှာက ကမ္ဘာ့လူသားအစ ပုံတောင်ပုံညာကပေါ့။  ပြီးတော့ ဘုရင့်နောင် အလောင်းဘုရား တိုင်းပြည် ခန်းနားပုံပေါ့၊ နယ်ချဲ့အင်္ဂလိပ်ဝင်လာတော့ တိုင်းရင်းသားပြည်သူ စုပေါင်းဆန့်ကျင်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေး အရယူခဲ့တယ်။ ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကောင်းမွန်တဲ ့လူပုဂ္ဂိုလ်ရွေးချယ်သွားဖို့ စတာတွေပါတယ်။ ၅ မိနစ် လောက်ဖတ်တယ်၊ ထူးချွန်တဲ့ကျောင်းသူ/သား တွေကို ဆုချတယ်။ အားကစား ပြိုင်ပွဲလုပ်တယ်။ ညပွဲတော့ဘာမှမရှိဘူး” - ဟု မူစယ် ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ပြော၏။

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့၌ ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနား

ပြည်ထောင်စုနေ့တွင် အိမ်တိုင်းစေ့ နိုင်ငံတော်အလံထူရန်မပြောကြောင်း၊ အစိုးရရုံးနှင့် ဟော်တယ် တည်းခို ခန်းများတွင်သာ အလံထူခိုင်းကြောင်း၊ ပင်လုံတွင် ကြီးကျယ်ခမ်းနားသည့် ပြည်ထောင်စုနေ့မကျင်းပသော်လည်း လောင်းကစားဝိုင်းကိုမူ ၁၅ ရက်တိုင်တိုင် ကျင်းပမည်ဟု ပင်လုံသားက ဤကဲ့သို့ဆက်ပြော၏။

“လောင်းကစားဝိုင်းကအခုလ ၂ ရက်နေ့စပြီး ၁၅ ရက် တိုင်တိုင်ကျင်းပမယ်တဲ့၊ လောင်းကစားဝိုင်း ကန်ထရိုက် ဆွဲတာ ရပ်ကွက် (၁) ဦးအောင်စိုးဝင်းတဲ့။ ဗမာပြည်သား ပင်လုံပြောင်းလာတာ နှစ် ၂၀ ကျော်ရှိပြီ။ သူက မယက ဥက္ကဌ ဦးလှမြင့် နဲ့ပေါင်းပြီးလုပ်တယ်။ စစ်တပ်၊ ပုလိပ်၊ ခယက၊ မယက၊ ထွေအုပ်၊ စရဖ တွေအားလုံးကို လာဘ်ထိုးကျွေးပြီးလုပ်တယ်”

ယခုနှစ် ပြည်ထောင်စုအခမ်းအနားများကို သုံးသပ်ကြည့်ပါက ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း၊ စစ်မှန်သည့်ပြည်ထောင်စု အရေးတို့သည် တစ္ဆေသဖွယ် နအဖ ထိပ်သီးကြီးများအား ခြောက်လှန့်နေကြောင်း၊ ပင်လုံကို နအဖလက်ခံလျင်ကချင် တပ်ဖွဲ့ လက်နက်ပင်ချမည်ဟု KIO မှ ပြောကြား ကမ်းလှမ်းခဲ့သော်လည်း မပခတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းကပင်လုံခေတ် မဟုတ်တော့ဟုပြန်ပြောကြောင်း -  နအဖ က အာဏာလက်ကိုင်ထားရန်ဘမ်းပြ ပြောဆိုခြင်းသာ ဖြစ်ကြောင်းသျှမ်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင် ဥက္ကဌ စဝ်ခင်းဆာယီ က ပြောဆိုသုံးသပ်ပါသည်။