လက်နက်ကိုင်ဆောင်ပြီး ထိုင်းနယ်မြေအတွင်း အမဲလိုက်သည့် ၀ လက်နက်ကိုင် တဦး ပစ်သတ်ခံရသည်ဟု ထိုင်း နယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။
ဖေဖေါ်ဝါရီ ၅ ရက်နေ့ ညနေ ၅ နာရီ ကျော် လက်နက်ကိုယ်စီဖြင့် ၀ တပ်သား နှစ်ယောက် ထိုင်းနယ်ထဲ ၀င်လာကြောင်း၊ လုံခြံုရေးအရ ရပ်တန့်ရန် ဟစ်အော် အမိန့်ပေး ဟန့်တားသော်လည်း ရပ်တန့်ခြင်းမရှိသည့် အတွက်ပစ်သတ်လိုက်ရ ခြင်းဖြစ်ကြောင်း၊ အဖေါ်လိုက်လာသူတဦးက ထွက်ပြေးလွတ်မြောက်သွားကြောင်း ဖှာမိန်း ထိုင်းနယ်စပ် လုံခြံုရေးတပ်ဖွဲ့က ပြောပါသည်။
“မူးယစ်မှောင်ခိုအဖွဲ့ မကြာခဏ ဖြတ်တဲ့လမ်းကို ထိုင်းလုံခြံုရေးတပ်ဖွဲ့က ကင်းလှည့်တယ်။ နယ်စပ်လုံခြံုရေးအတွက် တပ်ဆင်ထားတဲ့ အော်တိုအချက်ပေးသံမြည်တော့ ကင်းဦးကလှမ်းပစ်ထည့်လိုက်တယ်။ AK 47 ကိုင်ဆောင်ထားတဲ့ ၀ တပ်သားတဦး သေနေတာကို တွေ့ရတယ်” - ဟု ထိုင်းလုံခြံုရေးအရာရှိတဦး ကပြောသည်။
ဟွေ့အော့ အခြေစိုက် ၀ ပြည်သွေးစည်းရေးတပ်မတော် တပ်မဟာ ရ၇၅ တပ်မှူး ရန်ကော်ကျုံးက ပစ်သတ်ခံရ သည့် ၀ တပ်သားသည် အမှတ် ၃၀၃ တပ်ရင်းက ဖြစ်ကြောင်း၊ နယ်ခြားမျဉ်းမသိဘဲ အမဲလိုက်ထွက်ခြင်းဖြစ် ကြောင်းအတည်ပြု ပြောဆိုပါသည်။
အခင်းဖြစ်ပွားသည့်နေရာသည် ချင်းမိုင်ခရိုင် ချင်းတောဝ်းမြို့နယ် မိန်းန အုပ်စု သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ နယ် နှင့် မျက်နှာခြင်းဆိုင် တောတွင်းနယ်စပ်တနေရာဖြစ်သည်ဟု ဆိုပါသည်။
၂၀၀၉ မှစ၍ တပ်အသွင်ပြောင်းရေးကိစ္စနှင့် ပတ်သက်ပြီး နအဖ နှင့် ၀ ပြည်သွေးစည်းစည်းရေးတပ်မတော် ညှိနှိုင်း အဖြေရှာမရချိန်တွင် ထိုင်းနိုင်ငံ မိန်းန မျက်နှာခြင်းဆိုင် နောင်ဝဲန်း ၀ တပ်စခန်း၌လည်း ၀ တပ်ဖွဲ့ အင်အားတိုးချဲ့ ထားသည်ဟု ဒေသခံသျှမ်းအမျိုးသားတဦးက ဤကဲ့သို့ပြောပါသည်။
“ပြီးခဲ့တဲ့ နှစ်က အင်အား ၄၀-၅၀ ဘဲရှိတယ်။ အခု ၁၀၀ ကျော်ကျော်ရှိနေပြီ။ ၀ အရပ်သားမိသားစုတွေလဲ အဲဒီ့အနားမှာ အများအပြားပြောင်းရွှေ့နေထိုင်လာတယ်”
သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်တလွှားအခြေစိုက်သည့် တောင်ပိုင်း ၀ တပ်ဖွဲ့ တပ်မဟာ ၅ ခုရှိသော အမှတ် ၁၇၁ စစ်ဒေသ ထိန်းချုပ်နယ်မြေသည် မိုင်းဆတ် မိုင်းတုံမြို့နယ်အတွင်းဖြစ်သည်။