အာဆီယံ နိုင်ငံများအကြား အကောက်ခွန် ကင်းလွတ်ခွင့် (AFTA) သဘောတူညီချက် အသက်ဝင်ပြီ ဖြစ်သော်လည်း ထိုင်းနိုင်ငံက မြန်မာပို့ကုန်များအပေါ် အခွန်ဆက်ကောက်နေသေးကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောသည်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီမှု (ASEAN Free Trade Area) သည် ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတွင် ပြီးခဲ့သည့်လဆန်းမှစ၍ အသက်ဝင်သော်လည်း ထိုင်းအစိုးရက မြန်မာ့ပို့ကုန်များအပေါ် ၅ ရာခိုင်နှုန်း အခွန်ဆက်ကောက်ခံနေခြင်း ဖြစ်သည်။
“ပစ္စည်းတွေက ပို့ခွင့်ရှိတဲ့ ပစ္စည်းတွေပဲ ပို့လို့ရတယ်။ ပစ္စည်းတွေပို့မယ်ဆိုရင်လည်း ပို့ဖို့ အခွန်သွင်းရတာမျိုး ရှိတယ်လေ။ ထိုင်းဘက်မှာလည်း အခွန်တွေ ကောက်နေတုန်းပဲ။ ဘာမှ မပြောင်းလဲဘူး” ဟု မြဝတီကုန်သည်တဦးက မဇ္စျိမကို ပြောသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိတဦးကမူ “ASEAN Free Tread Area အရ အခွန်ကင်းလွတ်ခွင့် ဆိုတာ သူတို့ ပေးကို ပေးရတော့မယ်လေ။ အာဆီယံ သဘောတူညီချက်ဆိုတာက အားလုံးက လိုက်နာကြရတာလေ” ဟု ပြောသည်။
အခွန်ကင်းလွတ်ခွင့် လျှောက်လွှာများကို ရုံးချုပ်များ၌သာမက နယ်စပ်ဒေသ ကုန်သွယ်ရေးဇုန်များရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ရုံးများတွင် ရယူပြီး လျှောက်ထားနိုင်ကြောင်းလည်း သူက ရှင်းပြ သွားသည်။
မြန်မာ့ စီးပွားရေး ပညာရှင် ဦးခင်မောင်ညိုကမူ ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးပုံစံအရ အထက်မှ ညွှန်ကြားချက်များ အောက်ပိုင်းသို့ ရောက်ရှိရန် ကြန့်ကြာနေသဖြင့် အခွန် ဆက်ကောက်ခံနေခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။
အာဆီယံ နိုင်ငံများအကြား အခွန်တုပ် မြင့်မားခြင်းကို တားဆီးရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုရလာစေရန် ရည်ရွယ်သည့် AFTA ကို ၁၉၉၂ ခုနှစ် စင်္ကာပူနိုင်ငံတွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့က စတင် လက်မှတ်ရေးထိုးခဲ့ပြီး ဗီယက်နမ် နိုင်ငံက ၁၉၉၅ ခုနှစ်၊ မြန်မာနှင့် လာအိုတို့က ၁၉၉၇ ခုနှစ်၊ ကမ္ဘောဒီးယားက ၁၉၉၉ ခုနှစ်တွင် အသီးသီး ပါဝင်လာခဲ့သည်။
မြန်မာနိုင်ငံက ထိုင်းနိုင်ငံဘက်သို့ ရေထွက်ပစ္စည်း၊ ပရိဘောဂနှင့် စိုက်ပျိုးရေး ထုတ်ကုန်များ အဓိက တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ တပတ်ရစ်ကား၊ စားသုံးဆီ၊ ဓာတ်ဆီ၊ ဆေးနှင့် လျှပ်စစ်ပစ္စည်းများကို အဓိက တင်သွင်းလျက်ရှိသည်။
ထိုင်းနှင့် မြန်မာ၏ အဓိကကုန်သွယ်ရေးဇုန်ဖြစ်သော မြဝတီ၊ မဲဆောက် ကုန်သွယ်ရေးစခန်း တခုတည်းမှ ၂ဝဝ၉ ခုနှစ်အတွင်း အကောက်ခွန်အနေဖြင့် အမေရိကန်ဒေါ်လာ ရ၂၄ သန်း ရရှိခဲ့သည်ဟု တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
အာဆီယံ အကောက်ခွန် ကင်းလွတ်ခွင့် (AFTA) သည် မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား တို့အတွက် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်၍ ယင်းကာလတွင် မြန်မာကလည်း သွင်းကုန်ခွန် ကင်းလွတ်ခွင့် ပေးရမည်ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံမှ သိရသည်။