ဘိန်းခင်းဖျက်ဆီးရာ၌လာဘ်စားမှုရှိဟု PWO ကပြော

ဘိန်းခင်းဖျက်ဆီးရာ၌လာဘ်စားမှုရှိဟု PWO ကပြော
by -
ဇော်ကြီး
ရှမ်းပြည်မြောက်ပိုင်း မန်တုန်နှင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ ဘိန်းခင်းများအား အာဏာပိုင် တို့က ဖျက်ဆီးရာတွင် လာဘ်စားမှုများရှိနေသည်ဟု ပလောင်အမျိုးသမီး အစည်းအရုံး (PWO) က...

ရှမ်းပြည်မြောက်ပိုင်း မန်တုန်နှင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ ဘိန်းခင်းများအား အာဏာပိုင် တို့က ဖျက်ဆီးရာတွင် လာဘ်စားမှုများရှိနေသည်ဟု ပလောင်အမျိုးသမီး အစည်းအရုံး (PWO) ကပြောသည်။

ပလောင်အမျိုးသမီး အစည်းအရုံးက အဆိပ်သင့်တောင်တန်းများ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ဒေသခံတပ် ရင်း ခလရ ၁၄၄ မှ တပ်ရင်းမှူးဦးဆောင်၍ ရဲနှင့် ဒေသအာဏာပိုင် အဖွဲ့ အင်အား ၁၀၀ ခန့်က ပန်းဆေးဒေသ ဘိန်းခင်းများအားဖျက်ဆီးရန် သွားရောက်ခဲ့သည်။

သို့သော် ဘိန်းကုန်သည်ကလာဘ်ငွေပေးလိုက်သည့်အတွက် ထိုဘိန်းခင်းများအား ဖျက်ဆီးခြင်းမရှိဘဲ လာဘ်ငွေ ယူ၍ ပြန်သွားသည်ဟု PWO အဖွဲ့၏ သတင်းနှင့် သုသေသနလုပ်ငန်း လက်ထောက်တာဝန်ခံ လွေးဒန်းဂျားက ယခုလိုပြောသည်။

“ပန်းဆေးနေရာဒေသမှာဆိုလို့ရှိရင် သူတို့ ဖျက်ဆီးတာမရှိဘူးပေ့ါနော်။ ဘာလို့လဲဆိုတော့ အဲဒီမှာက လာဘ်စားမှုတွေရှိတယ်လေ။ လာဘ်ထိုးလိုက်တဲ့အခါကျတော့ အဲဒီနေရာ ဒေသမှာ မဖျက်ဘဲနဲ့ ပြန် ဆုတ်သွားတဲ့ ဟာမျိုးတော့ရှိတယ်။ ပန်းဆေးကျော်မြင့်ဆိုတာ ရှိတယ်လေ။  အဓိကဘိန်းလုပ်နေတဲ့ သူပေ့ါနော်။ သူကလာဘ်ငွေ (ကျပ်)သိန်း ၁၀၀၀ ထိုးပေးလိုက်တော့ သူတို့ပြန်နောက်ဆုတ်လိုက်တာ ပေ့ါနော်။ ဘိန်းမဖျက်ပဲနဲ့ပေ့ါ။”

ပန်းဆေးကျော်မြင့်သည် နမ်းခမ်းမြို့နယ် ပန်းဆေးရွာမှ ပြည်သူစစ်် ခေါင်းဆောင်ဖြစ်ပြီး ၎င်းသည် ဘိန်းစိုက်ပျိုး သကဲ့သို့ ရောင်းချသူလည်း ဖြစ်သည်ဟု  ဆိုသည််။ တချိန်တည်း၌ မန်တုန်ဒေသအတွင်းရှိ ဘိန်းခင်းများကိုမူ နယ်မြေခံ ခလရ ၁၃၀ တပ်ရင်းမှ ဒုရင်းမှူးဇော်ထွန်း ဦးဆောင်သည့်အဖွဲ့က လာရောက်ဖျက်ဆီးသွားခဲ့သည်ဟု ဒေသတွင်း လေ့လာစောင့်ကြည့်သူများက ပြော ကြောင်း ၎င်းကဆက်ပြောသည်။

“ဒီအဆိပ်သင့်တောင်တန်း အစီရင်ခံစာ ထုတ်ပြီးတဲ့နောက်ပိုင်းမှာ ကျမတို့ဒီအပေါ်မှာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေရှိမလဲဆိုတဲ့ဟာကို ကျမတို့ရဲ့ အလုပ်လုပ်နေတဲ့ လုပ်ဖော် ကိုင်ဖက်တွေကနေ စောင့်ကြည့်လေ့လာနေတဲ့ဟာတွေရှိတယ်ပေ့ါနော်။ အဲဒီလူတွေဆီကနေ တဆင့် ကျမတို့ရတာပေ့ါ။”

စစ်အစိုးရမှ ဒေသတွင်း ဘိန်းနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်ချက်အပေါ် ကြိုဆိုသော်လည်း လာဘ် စားမှုများရှိနေသ၍ အောင်မြင်မှု မရနိုင်ဟု  လွေးဒန်းဂျားက ဆက်ပြောသည်။

“ဒီပလောင်ဒေသမှာပေ့ါနော် ဒီလိုမျိုး နအဖ စစ်တပ်ကနေပြီးတော့ ဘိန်းသွားဖျက်ဆီးတာ ကျတော့ ကျမတို့ကြိုဆိုပါတယ်။ ဒါပေမယ့် ချစားမှု လာဘ်စားမှုတွေ ဖြစ်နေမယ်ဆိုရင်တော့ ဒီဘိန်းရဲ့ ပြဿနာက ဘယ်တော့မှ ပြီးဆုံးမသွားနိုင်ဘူးပေ့ါနော်။ ပြီးတော့ ဒီပလောင်လူထု တွေအတွက်လည်း အ ကျိုးမဖြစ်စေဘူးပေ့ါနော်။ ပိုပြီးအကျိုးယုတ် စေတယ်လို့ ပြောချင်တယ် ပေ့ါနော်။”

ယခုအခါ ဒေသတွင်း၌ ဘိန်းနှင့် မူးယစ်ဆေးဝါးသုံးစွဲသူပိုများလာပြီး အသက် ၁၅ နှစ်နှင့် အထက်ရှိသူများ အပါအဝင် အမျိုးသမီးများပါ သုံးစွဲလာကြသည်။ ဒေသခံများကလည်း စားဝတ်နေရေးပြေလည်မှုရှိစေရန် အခြားသီးနှံထက် ဘိန်းကို စိုက်ပျိုးလာသည့်အတွက် လွန်ခဲ့သည့် လေးနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုငါးဆခန့် ပိုများလာ သည်ဟု ယခင်လထုတ် အစီရင်ခံစာ၌ ဖော်ပြပါရှိ သည်။

ယခုအခါ ဘိန်းစေးချစ်သည့်ရာသီ ရောက်လာသည့်အတွက် လောလောဆယ် ဘိန်းစိမ်း ပေါက်စျေး တစ်ပိဿာ ၁၀ သိန်းမှ ၁၃ သိန်းကြားရှိပြီး ယမန်နှစ်က ၁၆ သိန်းမှ ၁၈ သိန်းကြား ရှိသည်။ ဘိန်းနှင့်မူးယစ်ဆေးဝါးကိစ္စသည် နိုင်ငံရေးနှင့်ဆက်စပ်နေသည့်အတွက် မြန်မာ့နိုင်ငံရေး တစ်စုံတစ်ရာပြောင်းလဲ မှုမရှိပါက ဖြေရှင်း၍ရနိုင်မည် မဟုတ်ဟု လွေးဒန်းဂျားက သုံးသပ် ပြောဆိုသည်။

Most read this week