ရခိုင်အမျိုးသမီး ဥက္ကဌမှ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ထံ စာပို့

ရခိုင်အမျိုးသမီး ဥက္ကဌမှ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ထံ စာပို့
ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဌ စောမြရာဇာလင်းမှ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား ထံသို့ ယမန်နေ့က စာတစောင် ရေးသား ပေးပို့...

ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဌ စောမြရာဇာလင်းမှ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား ထံသို့ ယမန်နေ့က စာတစောင် ရေးသား ပေးပို့လိုက်သည်။

မစ္စတာ ကင်တေးနားထံ စာပေးပို့ရခြင်း၏ ရည်ရွွှယ်ချက်ကို ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ ဥက္ကဌဖြစ်သူ ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ပြောသည်။

“ပထမဆုံးအနေနဲ့ပြောချင်တာကတော့ ကုလ လူ့အခွင့်အရး ကိုယ်စားလှယ် တယောက်အနေနဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ ရခိုင်ပြည်ကို သွားရောက် လည်ပတ်မယ့် အစီအစဉ် ရှိတယ်ဆိုတာကို သိရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒါပေမယ့် ဒီရခိုင်ပြည်ကို သွားရောက်တဲ့ အချိန်မှာ လူမျိုးစုတခု၊ ဒေသတခုအတွက် အဓိက ပစ်မှတ် ထားပြီး သွားတာထက် ရခိုင်ပြည်တခုလုံးမှာ နေထိုင်တဲ့ လူမျိုးပေါင်းစုံရဲ့ အရေးကို ပစ်မှတ်ထားဖို့လိုတယ်လို့ မြင်မိတယ်လေ။ ဒါကြောင့်ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ လူမျိုးတွေ အားလုံးရဲ့ အရေးကို အာရုံစူးစိုက် လုပ်ကိုင်စေလိုတဲ့ အတွက် သူ့ဆီကို ခုလို စာပေးပို့တာ ဖြစ်ပါတယ်။”

ယခုကဲ့သို့ စာပေးပို့သည့် အတွက် ကုလ လူ့အခွင့်အရေး ကိုယ်စားများအနေဖြင့် ရခိုင်ပြည် နယ်ရှိ လူမျိုးပေါင်းစုံ ပြည်သူများ၏ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမူ အခြေအနေများကို ပိုမို အလေးထား လာနိုင်သည်ဟု သူမက ဆက်ပြောသည်။

“ဘာကိစ္စမဆို မပြောဘဲနေရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သူတို့ မသိသေးတာကို သိအောင် ပြောရမယ်။ သိသင့်တာတွေကို သိအောင် တင်ပြရမယ်။ ဒီလို လုပ်တဲ့ အတွက် ကုလ လူ့အခွင့် အရေး ကိုယ်စားလှယ်တွေအနေနဲ့ ရခိုင်ပြည်မှာ လူ့အခွင့်အရေး ချိုးဖေါက် ခံနေရ တာတွေကို ပိုပြီးတော့ သတိထားလာမယ်။ အရင်ထက် ပိုပြီး လူ့အခွင့်အရေးကိစ္စတွေကို အလေးထား လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

၎င်းပြင် သူမက“ ရခိုင်ပြည်မှာ မှီတင်းနေထိုင်တဲ့ ရခိုင်တွေအပါအဝင် ခမီး၊ ဒိုင်းန၊ မြို၊ ချင်းလူမျိုးတွေနဲ့ တခြားတခြားသော လူမျိုးတွေ အားလုံးဟာ လူ့အခွင့် အရေးတွေ ချိုးဖေါက်ခံနေကြရတာ ဖြစ်ပါတယ်။ နအဖ စစ်အာဏာပိုင်တွေ လက်အောက်မှာ လူမျိုး တခု ဘာသာ တခုတည်းက ဖိနှိပ်ခံနေကြရတာ မဟုုတ်ပါဘူး။ ရခိုင်ပြည်သူ အများစုရဲ့ လုပ်ကိုင် စားသောက် နေကြတဲ့ လယ်မြေတွေ အများကြီး အသိမ်းခံထားရတယ်။ ပြီးတော့ ရခိုင်ပြည်မှာ စက်ရုံ အလုပ်ရုံဆိုတာတွေဟာ လုံးဝ မရှိတော့ ရခိုင်ပြည်သူတွေ အတွက် ဘာမှလုပ်ကိုင် စားသောက် စရာမရှိဘူးဖြစ်လာတယ်။ ဒီတော့ အမျိုးသားတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေသွားပြီး အလုပ် လုပ်ကိုင်နေကြရတယ်။ တချို့ကျေးရွာတွေမှာဆိုရင် လူသေလို့ အသုဘလိုက်ပို့ရင်တောင် မိန်းမတွေပဲ လိုက်ပို့ရတာတွေ ရှိတယ်။ ” ဟု ပြောသည်။

မစ္စတာ ကင်တေးနားထံသို့ သူမ ပေးပို့သော စာတွင် ရခိုင်ပြည်အတွင်း ချိုးဖေါက်ခံနေရသော လူ့အခွင့် အရေးများအနက် အရေးကြီးသော အကြောင်းအရာ ၆ခုကို ထည့်သွင်း ဖေါ်ပြထားသည်။

Soe-Mrarazar-Lunn

၎င်းတို့မှာ (၁) ရခိုင်ပြည်နယ် ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းစသော နေရာများတွင် ရခိုင်ပြည်သူများ၏ ဘိုးဘွားပိုင် လယ်မြေများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးအတွက် သိမ်းဆည်ခံနေရခြင်း၊ (၂) ရခိုင်အမျိုးသားများအနေဖြင့် အလုပ်ရှားပါသောကြောင့် မိမိမြေကို စွန့်ခွာ နေကြရခြင်း၊ (၃) ရခိုင်ပြည်နယ်ရှိ မြို့နယ်၊ ကျေးရွာတိုင်းတွင် ကလေးစစ်သားများ ပိုမို စုဆောင်းခံနေရခြင်း၊ (၄) အတင်းအဓမ္မ အိမ်ထောင်ပြုခြင်းနှင့် မတရား မုဒိမ်း ကျင့်မှုများ ခံနေရခြင်း၊ (၅) မြောက်ဦးမြို့ရှိ သမိုင်းဝင် အမွေအနှစ်များနှင့် တခြားနေရာများရှိ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ ဖျက်ဆီး ခံနေရခြင်းနှင့် သိမ်းဆည်းခံနေရခြင်း၊ (၆) ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ဖမ်းဆီး ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေခြင်း တို့ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တေးနားသည် ဖေဖေါ်ဝါရီ ၁၅ရက် နေ့မှ ၂၀ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက် လည်ပတ်မည် ဖြစ်သည်။

(မင်းဆက်ခိုင်မှ မေးမြန်းသည်။)

Most read this week