ဂျန္နဝါရီ ၃၀ ရက်နေ့ ည ၉ နာရီခန့်တွင် တရုပ်နယ်စပ် - မူစယ်မြို့နယ် မန်ဟျှိုး (မန့်ဟီးရိုး) မြို့နယ်ခွဲ ၁၉ ရွာအုပ်စု နောင်မနေ (နောင်မ မြောက်ရွာ) ရွာ လောင်းကစားဝိုင်း၌ ဗုံးတလုံး ပေါက်ကွဲခဲ့သည်ဟု တရုတ်နယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။
“လူစည်တဲ့နေရာမှာမပေါက်ဘဲ ၀ိုင်းအပြင်ဘက်ပိုင်းမှာ သွားပေါက်လို့တော်သေးတယ် အသေအပျောက် မရှိဘူး၊ လူအသေအပျောက်မရှိဘဲ သက်သက်သတိပေးဆုံးမချင်တဲ့ သဘောဖြစ်မယ်ထင်တယ်” - ဟု ဒေသခံ တဦးက ပြောပါသည်။
အဆိုပါလောင်းကစားဝိုင်းမှာ နောင်မနေ ရွာသူကြီး စိုင်းရွှေကျောင်း အသက် ၄၃ နှစ် (အပစ်ရပ် SSA ဗိုလ်မှူး ခမ်းဆွယ့် ၏ ညီ) နှင့် စိုင်းချစ်ရွှေ (မန့်ဟျှိုးဇာတိ) တို့ပူးပေါင်းပြီး မန့်ဟျှိုး အခြေစိုက် ပုလိပ်၊ နအဖ အာဏာပိုင် တို့အား လာဘ်ထိုးဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ “စဖွင့်တဲ့ ၂-၃ ရက်က ပုလိပ်တို့ကိုပိုက်ဆံပေးပြီး လုံခြံုရေး တာဝန်ယူ ပေးခိုင်းတယ်”- ဟု ရွှေလီချိုင်းဝှမ်းလွင်ပြင်တွင်လှုပ်ရှားသော တောင်ပိုင်း SSA တပ်ရင်း ရ၀၁ မှ အရာရှိတဦးက ပြောပါသည်။
“ဟိုးပြီးခဲ့တဲ့ ရ-၈ နှစ်က အရမ်းစည်ကားတဲ့ ကာစီနိုလောင်းကစားရုံဟောင်းနေရာရဲ့ အပြင်ဘက်နားလေးမှာ ပြန်လုပ်တယ်။ လောင်းကစားဝိုင်းမလုပ်ဖို့ SSA တပ်ရင်း ရ၀၁ စစ်ဒေသကအမြဲသတိပေးတယ်။ ရပ်သူ/ရွာသား တွေလဲမကြိုက်လို့ စာရေးတိုင်တာရှိတယ်။ လောင်းကစားဝိုင်းကြောင့် စာရိတ္တပျက်ပြားတယ်၊ အဲကြောင့်ရွာသားတွေ အချင်းချင်းပြန်ပြီးပညာပြဆုံးမတာလဲ ဖြစ်နိုင်တယ်လို့ပြောတယ်။”- ဟု SSA တောင်ပိုင်းတပ်ဖွဲ့ နှင့် နီးစပ်သည့် အသိုင်းအဝိုင်းကဆိုသည်။
လောင်းကစားပွဲ မနှစ်သက်သည့် ရွာသားများ၏ လိုလားချက်အတိုင်း - SSA တောင်ပိုင်းတပ်ဖွဲ့က လောင်းကစား မလုပ်ရန် သတိပေးချက်ကို အစည်းအဝေး ခေါ်ယူရှင်းလင်း၍သော်လည်းကောင်း၊ ရပ်ရွာလူကြီးများထံ စာရေး အကြောင်းကြား၍သော်လည်းကောင်း၊ သက်ဆိုင်သူများအား ဘိတ်ခေါ်ဆွေးနွေးသတိပေး၍ သော်လည်းကောင်း - ကြိုတင်တားမြစ်ခဲ့သော်လည်း လောင်းကစားဝိုင်း ဆက်လုပ်နေသည်ဟု ပြောပြ၏။
SSA တောင်ပိုင်း ပေါ်လစီအရ လောင်းကစားဝိုင်းရှိလျှင် မူးယစ်ဆေးဝါးရောင်းဝယ်မှုပါယှဉ်တွဲလာပြီးခိုးဆိုးလုယက် မှုအပြင် အိမ်ထောင်ရေးပါ ထိခိုက်ပျက်ပြား လာစေနိုင်သောကြောင့် ထိုသို့တားမြစ်သတိပေးခြင်း ဖြစ်သည်ဟုအမည် မဖော်လိုသည့် SSA တောင်ပိုင်းတပ်ဖွဲ့ တပ်ရင်း ရ၀၁ တပ်မှူးတစ်ဦးကပြောပါသည်။
ထိုသို့ တားမြစ်ချက်ထုတ်ပြန်ခဲ့သည်မှာ လွန်ခဲ့သော ၃ နှစ် ကျော်ကပင်ဖြစ်ကြောင်း၊ မူစယ်မြို့ ပန်လုံဘက် လောင်းကစားဝိုင်း နှင့် ပန်ဆိုင်းဘက် လောင်းကစားဝိုင်း များမှာ ဂျန္နဝါရီ ၂၇ ရက်က ပိတ်သွားပြီဖြစ်ကြောင်း၊ မိမိ၏ မိသားစုဝင်များ လောင်းကစားဝိုင်းသို့ မသွားစေလိုသည့် ဒေသခံများက ၀မ်းမြောက်နေကြကြောင်း - ဒေသခံ အိမ်ရှင်မတဦးကလည်း ပြောပါသည်။
ဂျန္ဖဝါရီလ ၂၈ ရက်နေ့ နေ့လည်ပိုင်းကလည်း မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်ရှိ ၀ပြည်သွေးစည်း ညီညွတ် ရေးအဖွဲ့ UWSA ဆက်ဆံရေးရုံးအနီး၌ မပေါက်ကွဲသေးသော ချိန်ကိုက်ဗုံး တစ်လုံးတွေ့ရှိခဲ့သေး၏။ ဂျပန်ခေတ် က လေယာဉ်ပေါ်မှ ကျဲချသည့် ဗုံးအဟောင်းဟုယူဆရသည့်အဆိုပါဗုံးမှာ UWSA နှင့် စစ်အစိုးရတို့ ဆက်ဆံရေးတင်းမာ နေချိန် ၀ တို့ရုံးအနီး၌တွေ့ပြန်သဖြင့် စစ်အစိုးရက ချောက်လှန့်လိုက်သည့် လုပ်ရပ်ဖြစ်နိုင်ကြောင်းမူစယ်ဒေသ ခံတစ်ဦးက ပြောပြသည်။