သွင်းကုန်လိုင်စင်များ ကြန့်ကြာ

သွင်းကုန်လိုင်စင်များ ကြန့်ကြာ
by -
မျိုးကြီး
တရုတ်-မြန်မာနယ်စပ် ကုန်သည်များအတွက် သွင်းကုန် လိုင်စင်ရရှိရန် ပိုမိုခက်ခဲ ကြန့်ကြာလာနေကြောင်း မူဆယ် ၁၀၅ မိုင်ရှိ ကုန်သည်များက ပြောသည်။ ...

ရွှေလီ (မဇ္စျိမ) ။    ။ တရုတ်-မြန်မာနယ်စပ် ကုန်သည်များအတွက် သွင်းကုန် လိုင်စင်ရရှိရန် ပိုမိုခက်ခဲ ကြန့်ကြာလာနေကြောင်း မူဆယ် ၁၀၅ မိုင်ရှိ ကုန်သည်များက ပြောသည်။

ယခင်က သွင်းကုန် လိုင်စင်တစောင် ရရှိရန် ၃ ရက်ခန့်သာ ကြာမြင့်သော်လည်း ယခုအခါ အနည်းဆုံး ၁၀ ရက်ခန့် ကြာမြင့်နေပြီး ကုန်ပစ္စည်း တခုချင်းအလိုက် သတ်မှတ်ထားသော လိုင်စင် စျေးနှုန်းများလည်း မြင့်တက် လာခဲ့သည်။

“လိုင်စင်တစောင်ကို ခါတိုင်း ၂ ရက်၊ ၃ ရက်လောက် ပြီးတဲ့ဟာက အခု ၁၀ ရက်လောက် ကြာနေတာပေါ့။ ဒီ ၂ ပတ်ထဲမှာ အဟော့ဆုံးပဲ” ဟု မူဆယ်မြို့ (၁၀၅) မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်ရှိ ကုန်သည်ကြီးတဦးက မဇ္စျိမကို ပြောသည်။

“လိုင်စင် လျှောက်တယ်ဆိုရင် Data base ထဲက စျေးနှုန်းကိုကြည့်ပြီး လျှောက်ရတာ ဖရောင်းတတန်ကို ဒေါ်လာ ၅၀၀ လို့ သတ်မှတ်ထားတယ်ဆိုရင် သွားလျှောက်တဲ့အခါ ဖရောင်းတတန်ကို ၅၅၀ လုပ်လိုက်တယ်ဆိုရင် ကျနော်တို့ လိုင်စင်လျှောက်ရတာ ခက်ပြီပေါ့။ တိုးပေးမလား မပေးဘူးလား။ တိုးပေးမယ်ဆိုရင်လည်း မကိုက်ဘူး။ သွားလျှောက်တဲ့ အေးဂျင့်က ရွာလည်ပြီပေါ့ဗျ။ အဲဒီမှာ မကြာသင့်ဘဲ ကြာသွားတာပေါ့” ဟု သူက ပြောသည်။

ယခုအခါ နေပြည်တော် သွင်းကုန်ဌာနရှိ ပြည်ပသွင်းကုန် လိုင်စင် စျေးနှုန်းများသည် ပစ္စည်း အားလုံးနီးပါးအတွက် မြင့်တက်လာနေကြောင်း သိရှိရသည်။

“ပစ္စည်း ဝယ်စျေးတွေကတော့ ပုံမှန်ပါပဲ။ မပြောင်းလဲဘူး။ သတ်မှတ်ထားတဲ့ လိုင်စင် စျေးနှုန်းတွေ မြှင့်လိုက်တယ်။ ရာခိုင်နှုန်းအရတော့ မပြောတတ်ဘူး။ ပစ္စည်း အားလုံးလိုလိုပဲ။ တမျိုးနဲ့ တမျိုးတော့ စျေးတက်တာချင်း မတူဘူးပေါ့နော်” ဟု အခြား မူဆယ် ကုန်သည်တဦးက မဇ္စျိမကို ပြောသည်။

ကုန်ပစ္စည်းများကို ပြည်တွင်း စျေးကွက် လိုအပ်ချက်အရ အချိန်နှင့်ငွေကို အရင်းတည်၍ တင်သွင်းကြရာ လိုင်စင်ရရန် ကြန့်ကြာမှုသည် ပစ္စည်းရောင်းရာတွင် ကုန်သည်များအဖို့ စျေးနှုန်းမတည်ငြိမ်မှုဖြင့် ရင်ဆိုင်ရသည်။

“စျေးကွက် လိုအပ်ချက်အရ ကုန်ပစ္စည်းတွေကို သွင်းကြတာပေါ့ဗျာ။ ကြန့်ကြာနေပြီဆိုရင် စျေးကွက် အပြောင်းအလဲပေါ် မူတည်ပြီး ရောင်းချရတာ ခက်ခဲတာပေါ့” ဟု ဒုတိယကုန်သည်က ဆိုသည်။

ထို့ပြင် မူဆယ် (၁၀၅) မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်၌ ဒုညွှန်မှူး ဦးသောင်းနိုင်က ကုန်ပစ္စည်း အမျိုးအစားနှင့် Size အရွယ်အစား ကိုက်ညီမှုကိုပါ တင်းကျပ်စွာ စိစစ်နေသဖြင့် ကုန်သည်များအတွက် ပို၍ပင် အခက်အခဲများ ဖြစ်စေကြောင်း သိရသည်။

“လိုင်စင်မှာ အိမ်ရိုက်သံကို ၆ လက်မ Size လျှောက်ထားတယ်ပေါ့နော်။ သွင်းတဲ့အခါမှာ ၅ လက်မတို့၊ ၄ လက်မတို့ ပါလာတယ်ဆိုရင် အားလုံး အသိမ်းခံရတယ်။ ကုန်သည်တွေဘက်က အတိအကျဆိုတာက ခက်တယ်။ တခုက စျေးကွက် လိုအပ်ချက်အရ ၅ လက်မလည်း ပါရင်ပါမယ်။ အရွယ်အစားမကိုက်လို့၊ အဲလိုဖြစ်လို့ အခွန်နစ်နာတာမျိုး မရှိပါဘူးဗျာ။ ကုန်သည်တွေက စိစစ်မှုသိပ်များတော့ အချိန်ကြန့်ကြာတယ်။ အတိအကျ မဖြစ်နိုင်တော့ ဆုံးရှုံးမှုတွေ ရှိတာပေါ့” ဟု သူကပင် ပြောဆိုသည်။

Most read this week