မြန်မာအကျဉ်းထောင်များတွင် ကျန်းမာရေး မကောင်းသည့် နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦး ရှိနေပြီး၊ လုံလောက်စွာ စောင့်ရှောက်မှုပေးရန် လိုအပ်နေကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ပြောသည်။
“လုံလောက်တဲ့ ဆေးဝါးကုသမှု မရကြဘူး။ တချို့ထောင်တွေမှာ ထောင်ဆရာဝန် မရှိဘူး။ ခန္တီးထောင်မှာရှိတဲ့ အကျဉ်းသား အတော်များများ ငှက်ဖျားရောဂါ ခံစားနေရတယ်။ အကျဉ်းသား တော်တော်များများ ငှက်ဖျားရောဂါ ရှိတယ်။ ရောဂါရှိတဲ့သူတွေ အချိန်မီ ဆေးဝါးကုသမှုမရဘဲ နောက်ကျတဲ့အတွက် ရောဂါဝေဒနာကို မခံစားသင့်ဘဲ ခံစားနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အကျဉ်းထောင်တွေထဲမှာ အကြောဆိုင်းလာတွေ ရှိသလို၊ မျက်စိ မကောင်းတဲ့ အကျဉ်းသားတွေ များလာတယ်'' ဟု AAPP-B တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။
နိုင်ငံရေး အကျဉ်းသား၏ မိသားစုဝင်တဦးက “ကျန်မာရေး စောင့်ရှောက်မှုကတော့ သူတို့အနေနဲ့ ခရီးသွားဟန်လွဲ လောက်ပဲ ရှိတယ်။ ကမ္ဘာက ပြောမှာစိုးလို့ လုပ်နေတာလောက်ပဲ ရှိတယ်။ ဒီလောက်ထိ ဖိဖိစီးစီး လုပ်ပေးတာမျိုး မရှိပါဘူး။ စောင့်ရှောက်တာမျိုး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံတင်ဖို့ ခွဲစိတ်ရမယ့် လူနာဆိုရင်လည်း ခွဲစိတ်ရမယ့် အခြေအနေထက် တအားဆိုးဝါးနေတဲ့ အခြေအနေမျိုးကျမှ ဆေးရုံတင်ပေးတယ်” ဟု ပြောသည်။
ထောင်ဒဏ် ၆၅ နှစ်စီဖြင့် နိုင်ငံ့ အစွန်အဖျား ဒေသများတွင် အကျဉ်းကျနေသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင် (ပူတာအိုထောင်၊ ကချင်ပြည်နယ်) သည် သွေးတိုး၊ နှလုံးရောင်နှင့် အဆစ်အမြစ် ကိုက်ခဲသည့် ရောဂါ ခံစားနေရပြီး၊ ကိုကိုကြီး (မိုင်းဆတ်ထောင်၊ ရှမ်းပြည်နယ်) မှာ အသည်းရောင် အသားဝါ B ပိုးနှင့်အတူ အကျိတ်အဖုများ ထွက်နေကာ ရာသီဥတုအေးသဖြင့် ဝေဒနာများ ခံစားနေရကြောင်း AAPP-B ထံမှ သိရှိရသည်။
ထောင်ဒဏ် ၆၅ နှစ်ဖြင့်ပင် ပူတာအိုထောင်တွင် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်သူသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေသဖြင့် မကြာသေးခင်က ECG (နှလုံးခုန်နှုန်းကို စမ်းသပ်သည့် ကိရိယာ) စစ်ဆေးကြည့်ရာ အစက်အပြောက် ၃ ခု တွေ့ရှိခဲ့ပြီး၊ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုမျိုးမင်းမှာလည်း ထိပ်ကပ်နာ ရောဂါ ခံစားနေရသည်။
အလားတူ ၂ဝဝ၇ ခု နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်ရှိ မြရိပ်ညိုဟိုတယ်ရှေ့၌ စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာ ချိတ်ဆွဲမှုဖြင့် ထောင်ဒဏ် ၈ နှစ်ဖြင့် ပူတာအိုထောင်တွင် ပြစ်ဒဏ်ကျနေရသည့် ကိုဘိုဘိုဝင်းလှိုင ်သည် ပြီးခဲ့သည့်လအတွင်း လိပ်ခေါင်းရောဂါကို ခွဲစိတ်ကုသခဲ့သော်လည်း လိုအပ်ပါက ဆေးရုံတင်ရမည် ဆိုလျှင် ထောင်အာဏာပိုင်များထံ ရက်သတ္တတပတ်ခန့် အချိန်ယူတင်ပြရကြောင်း ယခုလ ၂၆ ရက်နေ့တွင် ထောင်ဝင်စာ တွေ့ခဲ့သည့် မိခင်ဖြစ်သူ ဒေါ်မီမီလှိုင်က ပြောသည်။
သူက “ဘိုဘိုဝင်းလှိုင်ကိုလည်း ၃ ရက်နဲ့ ဆေးရုံက ဆင်းခိုင်းတာတွေ ရှိတယ်။ တကယ်လို့ ဒီလူနာက သွေးလွန်သွားရင် ဆေးရုံကို ချက်ချင်း လာပို့နိုင်မလားလို့ မေးတော့ တပတ်လောက်မှ၊ အထက်ကို စာတင်ပြီးမှ အချိန်ယူရမယ်လို့ ပြောတော့ ဆရာဝန်က သက်သာတဲ့ အချိန်မှ ဆင်းပေးလိုက်တယ်။ တခါလုပ်ပေးဖို့ဆိုရင် ရ ရက်၊ ၈ ရက် အချိန်ယူပြီးတော့မှ အထက်ကို စာတင်ရတာတွေ ရှိတယ်” ဟု ပြောသည်။
ကိုဘိုဘိုလှိုင်ဝင်း လတ်တလော ခံစားနေရသည့် ငှက်ဖျားနှင့် နှလုံးရောဂါအတွက် ဆေးဝါးလိုအပ်နေသဖြင့် မိခင်က ဆေးဝယ်ပေးခဲ့ရသည်။
ပူတာအိုထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးခန့်ရှိရာ ၎င်းတို့ ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်က တလလျှင် တကြိမ်မျှသာ ကျန်းမာရေး အခြေအနေကို လာရောက် စစ်ဆေးပေးကြောင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
မန္တလေးမြို့ အုတ်ဖိုထောင်တွင် ထောင်ဒဏ် ၁၀၄ နှစ် ကျခံခဲ့ရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ - ဗကသ (အထက်ဗမာပြည်) ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်မင်းယုကို၏ ကျန်းမာရေး အခြေအနေမှာလည်း ဆိုးရွားနေကာ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်၏ နှလုံးသွေးကြောကျဉ်းရောဂါ ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း AAPP-B က ပြောဆိုသည်။
မြန်မာတနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားများမှာမူ ၂၁၀၀ ကျော်ရှိကြောင်း AAPP-B စာရင်းများက ဆိုထားသည်။