ကရင်နီပြည် ရှားတောမြို့နယ်၌ တပ်စွဲထားသော မြန်မာစစ်အစိုးရတပ်များသည် ကရင်နီတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့၍ မကျေမနပ် ဖြစ်သောကြောင့် ဒေသခံကျေးရွာများ ပိုင်ဆိုင်သော အိမ်မွေးဝက်နှင့် ကြက်များအား ဖမ်းစားပြီး ရွာသားများကို ဖမ်းဆီးနှိပ်စက်သည်ဟု ဆိုသည်။
ဗိုလ်မှူးကြီး ကျော်ဆန်း ခမရ ၉၉နှင့် ဗိုလ်မှူးကြီး ဇော်ဇော် ခမရ ၁၃၂တို့မှ ကြီးမှူးသည့် စစ်အစိုးရတပ်တို့သည် ဗိုလ်စုရယ် ဦးဆောင် သော ကရင်နီတပ်ဖွဲ့တို့နှင့် ရှားတောမြို့နယ် ဒေါယူးကျေးရွာဟောင်းတွင် ဇန်နဝါရီလ ၂၄ ရက်နေ့က တိုက်ခိုက်ခဲ့ကြပြီး ရွာသားများအား လက်တု့ံပြန်ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
ယင်းတိုက်ပွဲသည် မည်သည့်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသည်ကို မသိရချေ။ သို့သော် စစ်အစိုးရတပ်များသည် တိုက်ပွဲ ဖြစ်ပွားသည့် နေရာအနီးရှိ ဒေါတခုကျေးရွာကို ၀င်ရောက်ကာ ၀က် ၃ကောင်နှင့် ကြက်များကို လက်လွတ်စပယ် သတ်စားကာ အသက် ၂၁နှစ်ရှိ ရွာသား ဘူးရယ်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပမ်းနှိပ်စက် ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “သူ့ကို တကယ် ဖမ်းဆီးနှိပ်စက်တယ်တဲ့။ သူ့ကို ရိုက်တယ်၊ နက်တယ်။ မီးအပူနဲ့ နှိပ်စက်တာတို့ လုပ်တယ်လို့ ပြောတယ်။ အဲဒါ ဗိုလ်မှူး ဇော်ဇော်က သူ့ကိုယ်တိုင် လုပ်တယ်တဲ့။ နောက်ပြီး ညအချိန်မှာ နားတော့ သူအဲမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောတယ်” ဟု ထွက်ပြေးလွတ်မြောက်သူ ပြောပြချက်အရ ပြန်လည် ပြောပြခြင်း ဖြစ်သည်။
ထိုအပြင် စစ်အစိုးရတပ်များသည် ကျေးရွာအတွင်းရှိ ဆိုင်ကို ဖောက်၍ ဆိုင်တွင်းရှိ အစားအသောက်များကို ယူစားကြောင်း၊ ရွာသား၏ မြင်းလေးကောင်ကိုလည်း ဖမ်းဆွဲသွားခဲ့ကြောင်း၊ သို့သော် မြင်းနှစ်ကောင်သည် ကျေးရွာသို့ ပြန်လာသည်ဟု ဆိုသည်။
စစ်အစိုးရတပ်များသည် ဒေသခံရွာသားများက ကရင်နီတပ်မတော်များကို အကူအညီ ပေးနေသည်ဟု ထင်မြင်သောကြောင့် ကရင်နီ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားလျှင် ဒေသခံကျေးရွာများအပေါ် လက်တု့ံပြန်လေ့ ရှိကြောင်း ကရင်နီရှေ့တန်းတပ်မှူး တဦးက ပြောသည်။
“နအဖတပ်တွေက အဲလိုပဲ။ တနေရာရာမှာ ကရင်နီတပ်မတော်တွေနဲ့ သွားရောက်တွေ့ဆုံပစ်ကြပြီဆိုရင် သူတို့က ကရင်နီတပ်မတော် တွေကို မတွေ့မီတော့ ရွာသူ၊သားတွေကို ဖမ်းဆီးနှိပ်စက်လေ့ရှိတယ်။ ရွာသားတွေနဲ့ ဘာမှ မဆိုင်ဘူး။ ရွာသားတွေကို ကြောက်အောင် လုပ်မယ်။ နောက်ကျရင် သူတို့ မလုပ်ရဲဖို့လို့ သူတို့ တွေးနေတာ” ဟု ရှေ့တန်းတပ်မှူးက ပြောသည်။
အလားတူ ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း ဗိုလ်စိုးမင်း ဦးဆောင်သော ခမရ ၅၂၆နှင့် ဗိုလ်မယ်ရယ် ကြီးမှူးသည့် ကရင်နီတပ်ဖွဲ့ တို့သည် ရှားတောမြို့နယ် ဒေါတနောနှင့် ဒေါမူးလဲကျေးရွာအကြား၌ တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်အစိုးရတပ် ၂ ဦး ကျဆုံးခဲ့သည်။
တိုက်ပွဲ ဖြစ်ပွားပြီးသည့်နောက် စစ်အစိုးရတပ်သည်လည်း ဒေါမူးလဲကျေးရွာသို့ ၀င်ရောက်ပြီး ရွာသား ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အဖမ်းခံရသော ရွာသားများသည် ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း ရှိ၊ မရှိကို မသိရသေးဟု ဆိုသည်။