ပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပွဲ လူအားရာချီနှင့်ဆန်များဆင့်ဆို

ပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပွဲ လူအားရာချီနှင့်ဆန်များဆင့်ဆို
ယခုလကုန်ပိုင်း၌ ကျင်းပမည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် လားဟူပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲအတွက် လူထုရာနှင့်ချီဆင့်ခေါ်သည့်အပြင် ဒေသခံများထံမှလည်း ပွဲဧည့်ခံကျွေးမွေးရန် ဆန်ပါကောက်ခံ သည်ဟု နယ်စပ်သတင်း...

ယခုလကုန်ပိုင်း၌ ကျင်းပမည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် လားဟူပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲအတွက် လူထုရာနှင့်ချီဆင့်ခေါ်သည့်အပြင် ဒေသခံများထံမှလည်း ပွဲဧည့်ခံကျွေးမွေးရန် ဆန်ပါကောက်ခံ သည်ဟု နယ်စပ်သတင်းရပ်ကွက်ကပြောပါသည်။

“ဧည့်ခံကျွေးမွေးဖို့ စားဝတ်နေရေးဖူလုံတဲ့အိမ်ကို ဆန်တင်းတစ်ဝက် (၈ ပြည်) ကနေ ၄ တင်းအထိ ကောက်ခံ တယ်။ အိမ်တိုင်းတော့မကောက်ဘူး”- ဟု အမည်မဖေါ်လိုသည့် နားကောင်းမူးဒေခံ တဦးက ပြောပြပါသည်။

မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာအုပ်စုအခြေစိုက် ဂျပီးကွယ်ဦးဆောင်သည့် လားဟူပြည်သူ့စစ် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းပွဲ  ပွဲတက်ရောက်ရန် မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင် (မြို့နယ်ခွဲ) ဒေသခံများ  တမြို့နယ်  အယောက် ၄၀၀ ထက်မနည်း နအဖဒေသခံစစ်တပ်က ဆင့်ခေါ်ထားသည်ဟုဆိုပါသည်။

“ပွဲက အခုလကုန် ဂျန္နဝါရီ ၃၁ ရက်နေ့လုပ်မှာ၊ ပွဲတက်ဖို့ သုံးမြို့နယ်ဆိုအယောက် ၁၂၀၀ ဖြစ်နေပြီ၊ ဒါတောင် ဗမာ စစ်တပ်မိသားစုနဲ့ ဒေသခံမပါသေးဘူး၊ ပရိတ်သတ်တွေကို အိမ်ရှင် နားကောင်းမူးကျေးရွာအုပ်စုက ဧည့်ခံကျွေးမွေး ရေးတာဝန်ယူဖို့ ကျေးရွာဥက္ကဌကို ညွှန်ကြားထားတယ်လို့သိရတယ်” - ဟု နားကောင်းမူးဒေသခံ နောက် တဦးက သျှမ်းသံတော်ဆင့်သို့ ပြော၏။

နားကောင်းမူးကျေးရွာအုပ်စု ၅ ရွာထံမှလည်း ဆန်အပြင် လူအားတရွာ အယောက် ၁၀၀ ထက်မနည်း ပွဲတက်ရောက်ရ မည်ဟု နားကောင်းမူး အခြေစိုက် ခလရ ၆၅  က ဆင့်ဆိုထားကြောင်း ဆက်ပြော၏။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းမည့်် မိုင်းတုံ မိုင်းဆတ်နှစ်မြို့နယ်အတွင်း လားဟူပြည်သူ့စစ်တပ်ဖွဲ့ အင်အား ၈၀၀ ခန့်ရှိပြီး တြိဂံတိုင်းမှူးက  ၃၀ ရက်နေ့၊ နေပြည်တော် အဆင့်မြင့်အရာရှိများ  ၃၁ ရက်နေ့အသွင်ပြောင်းပွဲသို့ရောက် မည် ဖြစ်ကြောင်း  လားဟူအမျိုးသားတဦးက ပြောပါသည်။

မိုင်းတုံအခြေစိုက် လားဟူပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ဂျပီးကွယ်အား နယ်ခြားစောင့်တပ် တပ်ရင်းမှူးအဆင့်တိုးမြှင့် ပေးမည်ဖြစ်ပြီး နအဖ စစ်တပ် တပ်ရင်းမှူး ရာထူးနှင့်ညီသည့် ခံစားခွင့် ရမည်ဟုဆိုသည်။ မိုင်းဆတ် မြို့နယ်အတွက်လည်း လားဟူနယ်ခြားစောင့်တပ် တပ်ရင်းတစ်ခု တပြိုင်တည်းဖွဲ့စည်းဖွယ်ရှိသည်ဟု အဆိုပါ လားဟူအမျိုးသားကပြော၏။

“အရင်တုန်းက တင်ဝင်းကို တပ်ရင်းမှူးရာထူးပေးမယ်ကြားရပေမယ့် သူ့ကိုတာဆန်းဘက် ပို့ထားလိုက်ပြီ၊ တင်ဝင်းက ၀ နဲ့ ဆက်ရေးမှာ လိမ္မာပါးနပ်မှု မရှိဘူးလို့ ကြားတယ်” - ဟု လားဟူပြည်သူ့စစ် အဖွဲ့ဝင်တဦးက ပြောပါသည်။

မြန်မာစစ်အစိုးရတပ်တွင် ရဲဘော်တဦး လစာ ၂၂,၀၀၀ ကျပ် ခံစားရပြီး၊ တပ်ရင်းမှူးတာဝန် ရာထူး ဒုဗိုလ်မှူးကြီး အဆင့် လစာ မှာ ၁၈၀,၀၀၀ ကျပ် ရှိ၏။ ထိုင်းနိုင်ငံသား သျှမ်းအမျိုးသားတဦးက - “ကျနော့်သား ထိုင်းရဲ ဘော်တဦး လစာက ဘတ်ငွေ ၈,၂၀၀ ရတယ်၊ ဒေါ် ၂၀၀ ကျော်နဲ့ညီတယ်။ ဗမာစစ်သားရဲ့ ရဲဘော်တဦး လစာက ဒေါ်လာ၂၀ ကျော်ကျော် လောက်ဘဲရတယ်။ ဘယ်လောက်မလဲဗျာ” - ဟု ပြော၏။

နယ်ခြားစောင့်တပ်ရင်းပြောင်းလဲခြင်းခံရသည့် လားဟူပြည်သူ့စစ်များမှာလည်း စစ်အစိုးရပေးသည့်လစာ လောက်ငှ မည်မဟုတ်။ သို့သော် စစ်သား ရာနှုန်းပြည့်မဟုတ်သောကြောင့် နယ်စပ်တဝိုက် လုပ်ကိုင် စားသောက်ခွင့်အပြည့်အဝ ရှိကြောင်း၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် အပစ်ရပ်တပ်ဖွဲ့များ ဖိအားပေးခံနေရချိန် ပြည်သူ့တပ်ဖွဲ့များ ပိုမိုအခွင့်ထူးများရရှိနေကြောင်း၊ ၀ တပ်ဖွဲ့ပင် ကူးသန်းရောင်းဝယ်ရေး အတွက်လားပြည်သူ့စစ်တပ်ဖွဲ့ကိုငှားရမ်းရ ကြောင်း - သျှမ်းပြည် မူးယစ်စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

Most read this week