ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ လော်ခုခူနှင့် လောက်ပလဲလျားကျေးရွာတို့သည် အရေပြားရောဂါ ဆိုးရွားစွာ ကူးစက်ပြန့်ပွား နေမှုကြောင့် နို့စို့ကလေးငယ်များအတွက် စိုးရိမ်နေရသည်ဟု ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့က ပြောသည်။
လော်ခုခူနှင့် လောက်ပလဲလျားကျေးရွာတို့မှ တရွာလျင် အနည်းဆုံး ၂၀ ဦးထက်မနည်း အရေပြားရောဂါ ကူးစက် ခံရပြီး ထိုထဲမှ ကလေးငယ်များပါ၀င်သည်ဟု ဆိုသည်။
၎င်းကျေးရွာတို့သည် ရေရှားပါးပြီး ကျေးရွာနီးနားမှ ရေအိုင်များ သောက်သုံးရေအဖြစ် အသုံးပြုခြင်း၊ အဝတ်လျှော်ခြင်းများ၊ ရေချိုးခြင်းများ နှင့် တိရိစ္ဆာန်တို့၏ သွားလာ လှုပ်ရှားမှု စားကျက်ဖြစ်သောကြောင့် ယားနာခြင်းများ စသည့်အရေပြားရောဂါ ကူးစက်ခံရခြင်းဖြစ်သည်ဟု နယ်လှည့် ကျန်းမာရေးအဖွဲ့မှ ဆေးမှူးတဦးက ပြောသည်။
၎င်းက “ တိရိစ္ဆာန်တို့နဲ့ ရောနှောပြီး အသုံးပြုကြတာ ရေအိုင်တအိုင်တည်းကို၊ ဒါကြောင့် ရောဂါက နာတာရှည်ရောဂါအဖြစ်သို့ ကူးသွားတာ ဖြစ်တယ်” ဟု ပြောသည်။
ကူးစက်မှုဒဏ်ကြောင့် အလည်ပိုင်းဂွင်ရှိ ဒေါတမကြီး ကျေးရွာမှှ ကလေးငယ် ၂ ဦးနှင့် တောလုံ ကျေးရွာမှ ၂ ဦး ယခင် ၂၀၀၉ ခုနှစ်တွင် သေဆုံးသွားခဲ့ပြီး ဒီမောဆို မြို့နယ်မှ ဒေါဖုအုပ်စုနှင့် ဖရူဆိုမြို့နယ် ကေးလျား ကျေးရွာအုပ်စုတွင်လည်း ထိုရောဂါကူးစက်မှုနှုန်း ဆိုးရွာစွာ ဖြစ်ပွားနေသည်။
“ဒီနှစ်တော့ ရောဂါကူးစက်ခံရလို့ သေသွားတယ်ဆိုတဲ့ သတင်းအတိအကျတော့ မသိရသေးဘူး။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးဖြစ်နေသေးတယ် ဆိုတာတော့ ရှိတယ်” ဟု ကရင်နီ နယ်လှည့် ကျန်းမာရေးအဖွဲ့မှ တာဝန်ခံ ခူဒယ်နီယာယ်ကပြောပါသည်။
ကျေးရွာများသည် ဆေးပေးခန်းများမရှိခြင်း ကျန်းမာရေးအတွက် အစိုးရမှ ခန့်အပ်ထားသော ဆေးဆရာ၊မများ တနှစ်တကြိမ်သာ ဆေးဝါးများ လာရောက် ကုသ ပေးခြင်းများ ရှိခဲ့ပြီး နယ်လှည့် ကရင်နီလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကျန်းမာရေး လုပ်သားများမှလည်း အစိုးရထိန်းချုပ်ထားသည့် နယ်မြေသို့လည်း သွားရောက်ကုသ ပေးခြင်းများ ရှိခဲ့သည်ဟု သိရသည်။ သို့သော် ဆေးလုံလုံလောက်လောက် ကုသပေးနိုင်ခြင်းမရှိဟု ပြောဆိုကြပါသည်။