ကိုဇာဂနာအမှု အယူခံ ကြားနာမည်

ကိုဇာဂနာအမှု အယူခံ ကြားနာမည်
by -
ဖနိဒါ
ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုဇာဂနာ ခေါ် ကိုသူရ၏ အထူးအယူခံ လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်တွင် ယခုလ ၂၅ ရက်နေ့တွင် ကြားနာမည်...

ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုဇာဂနာ ခေါ် ကိုသူရ၏ အထူးအယူခံ လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်တွင် ယခုလ ၂၅ ရက်နေ့တွင် ကြားနာမည် ဖြစ်သည်။

ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ ကိုဇာဂနာ၏ ရှေ့နေများက ပြီးခဲ့သည့် နှစ်လခန့်က အယူခံစာ တင်သွင်းခဲ့ရာ လျှောက်လဲချက် ကြားနာမှုကို လက်ခံကြောင်း ဗဟို တရားရုံးချုပ် က ထုတ်ပြန်ထားသည်။

သူ၏ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က “အန်တီတို့ကတော့ ဥပဒေ အတိုင်းပြောရရင်တော့ သူ့ကို စွပ်စွဲထားတဲ့ ဥပဒေတွေက မှားတယ်ပေါ့နော်။ သူတို့ ပြစ်ဒဏ်ပေးတဲ့ ပုဒ်မနဲ့ ဖြစ်တဲ့အကြောင်းအရာနဲ့က မှားယွင်းနေတယ် ဆိုတာဘဲ လျှောက်လဲချက်တင်မှာပါ” ဟု ပြောသည်။

ပထမ အကြိမ်အယူခံအား ယခင်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် တိုင်းတရားရုံးက အီလက်ထရောနစ်ဥပဒေ  ပုဒ်မ ၃ ခုမှ တမှုလျှင် ၈ နှစ်စီဖြင့် ၂၄ နှစ် လျှော့ပေးခဲ့သဖြင့် ၃၅ နှစ်သာ ကျခံရန် ကျန်တော့သည်။

ယင်းနောက် ဒုတိယ အကြိမ် ပြစ်မှုပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်သို့ ထပ်မံတင်ခဲ့ရာ သြဂုတ်လအတွင်း ၌ ကြားနာခဲ့ပြီး ပလပ်ခံခဲ့ရသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက အင်းစိန်ထောင်တွင်းခရိုင်တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ အပါအဝင် အမှုပေါင်း ၈ မှုဖြင့် စွဲဆိုကာ ထောင်ဒဏ် ၅၉ နှစ်ချမှတ်ခဲ့သည်။

ယခင်နှစ် ဒီဇင်ဘာလ ရ ရက်နေ့က မြစ်ကြီးနားထောင်သို့ ထောင်ဝင်စာသွားတွေ့ခဲ့စဉ်က ကိုဇာဂနာ၏ ကျန်းမာရေး ကောင်းမွန်နေကြောင်းသိခဲ့ရပြီးကြောင်း ခယ်မဖြစ် သူ မငြိမ်းက မဇ္စျိမကို ပြောသည်။

နာဂစ်လေဘေးသင့် ဧရာဝတီတိုင်း ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ၂၀၀၈ ခုနှစ် ဇွန်လတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

သူနှင့် အမှုတွဲပါ အားကစားကလောင်ရှင် ကိုဇော်သက်ထွေး၊ ကိုသန့်ဇင်အောင်၊ ကတုံး (ခေါ်) ကိုတင်မောင်အေး တို့လည်း ထောင်ဒဏ်များကျခံနေရပြီး နယ်ထောင်များတွင် အကျဉ်းကျနေသည်။

Most read this week