ကြံ့ဖွံ့အသင်း ကျေးရွာခေါင်းဆောင်များအား ခေါ်ယူပြီး ရွာသားများအား စည်းရုံးခိုင်း

ကြံ့ဖွံ့အသင်း ကျေးရွာခေါင်းဆောင်များအား ခေါ်ယူပြီး ရွာသားများအား စည်းရုံးခိုင်း
by -
အောင်မွန်၊ ခတ္တာနွန်
ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာဥက္ကဌများကို ခေါ်ယူပြီး မိမိကျေးရွာတွင် စည်းရုံရေး ပြန်လည်ဆင်းခိုင်းကြောင်း...

ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာဥက္ကဌများကို ခေါ်ယူပြီး မိမိကျေးရွာတွင် စည်းရုံရေး ပြန်လည်ဆင်းခိုင်းကြောင်း သိရသည်။

“အခုလောလောဆယ်တော့ သူတို့တွေက ရွာသားအားလုံးကို မခေါ်သေးဘူး၊ သူတို့က ရွာလူကြီး ကျေးရွာအုပ်ချုပ်ရေးအသင်းဝင်တွေ၊ အသင်းမှာ တာဝန်ရှိတဲ့ လူတွေလောက်ကိုပဲ ခေါ်ပြီး ရွာသူရွာသားတွေကို စည်းရုံရေးဆင်းဖို့အတွက် တာဝန်ပေးထားတယ်၊ လာမယ့်မတ်လမှာ သူတို့အသင်းကိုယ်တိုင် ရွာသူရွာသားတွေကြား စည်းရုံးရေးဆင်းမယ်” ဟု အစည်းဝေးတက်ရောက်ခဲ့သူ ကျေးရွာဥက္ကဌတစ်ဦးက ပြောသည်။

သံဖြူဇရပ်မြို့၌ ပြုလုပ်သော ယင်းအစည်းအဝေးတွင် ကြံ့ဖွံ့အသင်းကောင်းကြောင်းနှင့် လာမည့်ရွေးကောက်ပွဲတွင် စစ်အစိုးအရအပေါ် ထောက်ခံမည့်ပါတီကို   မဲပေးရန်အတွက် ကျေးရွာဥက္ကဌများ ကမကထလုပ်ပြီး မိမိတို့ရွာသူရွာသားများအကြား ဦးစွာ ပြောဟောစည်းရုံးသွားရမည်ဟု ပြည်ခိုင်ဖြိုးတာဝန်ရှိသူများက ကျေးရွာလူကြီးများအား ညွှန်ကြားသွားခဲ့သည််။

ပြည်ခိုင်ဖြိုးအသင်းသည် ကျေးရွာတစ်ရွာတွင် အမာခံအသင်းသား ၅၀ ယောက်၊ မြို့ပေါ်တွင် ရပ်ကွက်အလိုက် ပိုင်းခြားပြီး တစ်ရပ်ကွက်တွင် အလားတူ အမာခံ အသင်းသား ၅၀ ယောက် ခန့်အပ်ထားကြောင်းကို ကျေးရွာလူကြီးတစ်ဦးထံမှ သိရှိရသည်။

“ပြည်ခိုင်ဖြိုးအသင်းက စစ်မူထမ်းဟောင်းများကို စျေးခန်းများ ချပေးတယ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ရန်ပုံငွေအတွက် CDMA  ဖုန်း အစီအစဉ် ချပေးတာ ရှိတယ်” ဟု ၂၀၁၀ မြန်မာ့အရေး လေ့လာသူတစ်ဦးက ပြောသည်။

အိမ်ခြေတစ်ရာခန့်ရှိသော ကျေးရွာတွင် မိခင်နှင့်ကလေး၊ ပြည်ခိုင်ဖြိုး၊ မီးသတ်တပ်ဖွဲ့၊ မြန်မာ့အမျိုးသမီးများရေးရာအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များက ၄င်းတို့အုပ်စုအလိုက် အသင်းအဖွဲ့များ ဖွဲ့စည်းထားသဖြင့် ရွာသူရွာသားများအားလုံးသည် စစ်အစိုးရ၏ ဒေါက်တိုင်များ ဖြစ်သွားကြပြီး တိုင်းရင်းသားများအတွက် အခက်အခဲများစွာ ရှိနိုင်ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

ကျောင်းသားတစ်ယောက် ပြည်ခိုင်ဖြိုးအသင်းဝင်ကဒ်ပြား ရှိမည်ဆိုပါက ကျောင်းပြီးသည့်အချိန် အလုပ်ရှာသည့်အခါတွင် အသင်းဝင်ကဒ်ပြားကို ပြနိုင်ပါက အလုပ်ရရန် လွယ်ကူကြောင်း အသင်းနှင့် နီးစပ်သူများထံမှ သိရပါသည််။

“ကျောင်းသူကျောင်းသားတွေက အတန်းကြီးလာမယ်ဆိုရင် ပြည်ခိုင်ဖြိုးအသင်းကို ဝင်သွားတာ များတယ်၊ ဘာကြောင့်လဲဆိုတော့ ဂုဏ်ထူးနဲ့ အောင်သွားတဲ့ ကျောင်းသူကျောင်းသားတွေကို အသင်းက အခမ်းအနားနဲ့ ဂုဏ်ပြုမယ်၊ အလုပ်ရ လွယ်မယ်၊ စာမေးပွဲမှာလည်း အမှတ်မပြည့်ရင် အမှတ်ထပ်ဖြည့်ပေးမယ် အဲဒီလို ကလေးတွေ ကြားထားကြတော့ စိတ်ဝင်စားသွားကြတာပဲ။ ဒါပေမယ့် သာမန်ကျောင်းသားနဲ့ အသင်းဝင်ထားတဲ့ ကျောင်းသားတွေဟာ ဘာမှ မထူးခြားပါဘူး” ဟု သံဖြူဇရပ်မြိူ့မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

ပြည်ခိုင်ဖြိုးအသင်းသည် နိုင်ငံရေးပါတီတခုအသွင် ပြောင်းလဲပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟု အချို့သော မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများက ယူဆထားကြသည်။ သို့ရာတွင် ထိုယူဆချက်သည် ဖြစ်နိုင်သည့် အလားအလာမရှိသေးကြောင်း အခြားသော နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

ပြည်ခိုင်ဖြိုးအသင်းသည် ရွေးကောက်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်သော်လည်း စစ်အစိုးရအား အထောက်အကူပြုမည့် အသင်းတစ်သင်း ဖြစ်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေသူတို့က ပြောသည်။

Most read this week