ယခုလဆန်းပိုင်းမှစ၍ သျှမ်းပြည် သို့ နအဖ စစ်ယာဉ်တန်းများ ဆက်တိုက်တက်လာခြင်း၊ နေ့စဉ်နှင့်အမျှ ပေါ်တာဆွဲခြင်း၊ စားနပ်ရိက္ခာအတွက် စပါး၊ မြေပဲ အဓမ္မ စျေးနှိမ်ဝယ်ခြင်းတို့ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်သည့် သျှမ်းပြည် အလယ်ပိုင်းဒေသခံများ ပိုမိုများပြားလာကြောင်း နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။
“လက်ရှိစစ်တပ်တွေနဲ့တောင် ကျေးလက်လူထု တော်တော်ခံနေရပြီ၊ အခု ဗမာစစ်ကြောင်းသစ် ထပ်ရောက်လာတော့ ပေါ် တာဆွဲတယ်၊ လုပ်အားပေးခေါ်တယ် နေ့တဓူဝဖြစ်နေတော့ မခံနိုင်ကြလို့ ထိုင်းနယ်စပ်ကို ထွက်ပြေးရတာပါ။ နောက်ထပ် ထွက်လာကြမှာ အများကြီးဘဲ” - ဟု ထိုင်းနယ်စပ်ရောက် မိုင်းနောင်မြို့နယ် ရွာသား တဦးက ပြောပါသည်။
မိုင်းနောင်၊ ကျေးသီးမြို့နယ်အတွင်း တပ်မ ၃၃ စစ်ကြောင်း ဖြတ်သန်းသွားလာလှုပ်ရှားရာ ကျေးရွာများမှ အိမ်ခြေ အနည်း အများအပေါ်မူတည်၍ ပေါ်တာဆင့်ခေါ်ခြင်း၊ အဓမ္မဖမ်းယူခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂-၃ ရက်က ထိုင်းနယ်စပ်သို့ ထွက် ပြေးတိမ်းရှောင်လာသည့် ရွာသားများ ၁ဝဝ ကျော်နေပြီဟုလည်း အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။
“ထိုင်းနိုင်ငံ ဖှန်မြို့နယ်ဘက် ရောက်လာတာက ၄ဝ လောက်ရှိတယ်။ နားကောင်းမူးဘက်မှာ ရဝ လောက် ကျန်တယ်” - ဟု ထွက်ပြေးလာသူ နောက်တဦး ကပြောပါသည်။
ကျေးသီးမြို့နယ် မိုင်းကောဝ် ကျေးရွာအုပ်စု နောင်ဆွမ်းတဝိုက် အိမ်ခြေ ၃ဝ ကျော်ရှိသည့် ရွာတရွာဆိုလျှင် တရက် အယောက် ၂ဝ ပေါ်တာဆင့်ခေါ်ကြောင်း၊ အိမ်ခြေများသည့်ရွာ ပို၍ဆင့်ခေါ်ကြောင်း၊ မသွားနိုင်ပါက ၃ ရက် ၂ ည ခရီး ပေါ်တာငှားခ ကျပ် တသောင်းခွဲပေးရကြောင်း၊ နွားလှည်း၊ ထော်လာဂျီ တို့ပါ နေ့ညမနား အလှည့်ကျသွားရကြောင်း၊ လက်ရှိစစ်တပ်က ယခင် ကတည်းက ဖိနှိပ်မှုရှိနေသည့်အပြင် အသစ်ထပ်ရောက်လာသည့် စစ်ကြောင်းကြောင့်ပိုခံနေရ ကြောင်း အဆိုပါပုဂ္ဂိုလ်က ဤကဲ့သို့ ဆက်ပြောပြပါသည်။
“ဟုတ်တယ်။ အဲဒီဘက်မှာ ပြင်ပပေါက်စျေး မြေပဲ ၁ဝ တင်း ကျပ် ၈ သောင်း ကို အခြေချစခန်းထိုင်တဲဲ့ စခန်းထိုင် ဗမာ စစ်တပ်က ကျပ် ၂ သောင်း နဲ့ စျေးနှိမ်ဝယ်တယ်။ စပါး တတင်း ပေါက်စျေး ကျပ် ၆ဝဝဝ ကို သူတို့က ကျပ် ၁၅ဝဝ ဘဲ ပေးတယ်” - ဟု ဆို၏။
အပစ်ရပ် သျှမ်းပြည်တပ်မတော်က စစ်အစိုးရတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည်ဆိုသည့်သတင်း နအဖစစ်တပ် ဝါဒ ဖြန့်ပြီးနောက်ပိုင်း၊ ယခုလ ၈-၁၁ ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်းသို့ နအဖ စစ်ယာဉ်တန်း တရက် ၁၅ စီးမှ အစီး ၂ဝ အထိလည်းကောင်း၊ ယခုလ ၁၃ ရက်နေ့ကလည်း တပ်မ ၅၅ / ၃၃ စစ်ယာဉ်တန်း အစီး ၁ဝဝ ခန့် တပ်အင် အား ၄ဝဝ ကျော် နှင့် အတူ စားနပ်ရိက္ခာ လက်နက် ခဲယမ်း စစ်ပစ္စည်းအပြည့်တင်ဆောင်ပြီး သျှမ်းပြည် အလယ်ပိုင်းမှ အပစ်ရပ်ဒေသ ဘက်သို့လည်းကောင်း ဦးတည်စေလွတ်လိုက်ခြင်းဖြစ်သည် ဟု စစ်ရေးလေ့လာသူ မြောက်ပိုင်းသားတစ်ဦးက သုံးသပ်ပြပါ သည်။