ကရင်နီပြည်တွင်း၌ အခြေစိုက်ထားသော မြန်မာစစ်အစိုးရတပ်များသည် တပ်တွင်း ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးလုပ်ကိုင်ရန် ဒေသခံပြည်သူများ၏မြေယာ ဧကပေါင်း ၂၅ဝ ခန့်ကို အခမဲ့သိမ်းယူခဲ့သည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးအဖွဲ့ကပြောသည်။
လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနှင့် ဘောလခဲ စသည့် မြို့နယ်များ၌ တပ်စွဲထားသော စစ်အစိုးရတပ်များသည် အထက်အမိန့်ဖြင့် အကြောင်းပြပြီး ဒေသခံပြည်သူများမှ နှစ်ရှည်လများ စိုက်ပျိုးလုပ်ကိုင်လာခဲ့သော မြေယာများကို အတင်းအဓမ္မ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွ့ံဖြိုးရေးပင်မဌာန (KSWDC)မှ ဒါရိုက်တာ ခူးဖဲဘူးက ပြောသည်။
၂ဝဝ၈-၂ဝဝ၉ ခုနှစ်အတွင်း စစ်အစိုးရတပ်များ သိမ်းယူခဲ့သော မြေယာများမှာ ဘောလခဲ၌ ဧက ၆ဝ၊ ဖရူဆို၌ ဧက ၅ဝ၊ ဒီမောဆို၊ ငွေတောင်၌ ဧက ၈ဝ နှင့် လွိုင်ကော် မြို့နယ်၌ စက်မှုဇုံတို့ ပါဝင်ဟုဆိုသည်။
“အခမဲ့ပဲ သိမ်းယူတယ်။ သိမ်းယူတာလည်း အမျိုးမျိုး ရှိသေးတယ်။ တပ်ရင်းအလိုက် မိသားစု ရိက္ခာဖူလုံရေး အတွက်က သူတို့ကိုယ့်နှကို ရှာဖွေရတယ်လေ။ သူတို့ အထက်က အဲလိုမျိုး ညွန်ကြားထားတော့ ရွာသူ၊သားတွေရဲ့ မြေယာတွေကို သူတို့ သွားသိမ်းယူလိုက်တာ” ဟု ခူးဖဲဘူးက ပြောပါသည်။
အသိမ်းခံလိုက်ရသော မြေနေရာများသည်မြေရိုင်းများ မဟုတ်ဘဲ ယခင်ကတည်းက စပါး၊ မြေပဲ၊ ပြောင်းနှင့် အာလူး စသည့်အပင်တို့ကို စိုက်ပျိုးခဲ့သော မြေယာများ ဖြစ်ကြောင်း၊ ဒေသခံပြည်သူများသည်လည်း ထိုဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းကိုအဓိက အသက်မွေးကြသူများ ဖြစ်သည်။
တပ်ရင်းများသည် အစိုးရမြေဟု ဆိုပြီး မြေယာများကို အလွယ်တကူ သိမ်းယူသောကြောင့် သိမ်းဆည်းခံရသော အချို့ဒေသခံများသည် လုပ်ကိုင်စားသောက်ရန် မြေနေရာများ မရှိတော့၍ စားဝတ်နေရေး အကျပ်အတည်းနှင့်ကြံုတွေ့နေရကြောင်း မြေယာများသိမ်းဆည်းခံရသော ဒေသခံများကပြောသည်။
ဘောလခဲမြို့နယ်မှ မြေယာများသိမ်းဆည်းခံခဲ့ရသော ဒေသခံတဦးက “နောက်ထပ် တောင်ယာအသစ်တခင်း ထပ်ခုတ်ဖို့ဆိုရင် အဝေးကြီး သွားခုတ်ရတယ်။ အသီးအနှံ တွေလည်း ချက်ချင်း မဖြစ်ထွန်းဘူးပေါ့နော်။ အဲလိုမျိုး အကြာကြီး စားဝတ်နေရေး အကျပ်အတည်း ကြံုလာရတော့ ကလေးတွေ ကျောင်းလည်း မထားနိုင်ဘူးပေါ့။ ကလေးတွေ ကျောင်းထွက်ခိုင်းတာတို့ အလုပ်လုပ်ခိုင်းတာတို့၊ ထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဝင်ငွေ ရှာပြီး စားဝတ်နေရေး ဖြေရှင်းရတယ်ပေါ့နော်” ဟုပြောပါသည်။
စစ်အစိုးရတပ်များသည်် ဒေသခံပြည်သူများ၏ မြေယာများကို အခမဲ့ သိမ်းယူသည့်အပြင် ၎င်းတို့ စိုက်ပျိုးရာတွင်လည်း အချို့က ဒေသခံများကို ပြန်လည်၍ စိုက်ပျိုး ခိုင်းခြင်း၊ ခြံကာခိုင်းခြင်းများလည်း ရှိနေကြောင်း ခူးဖဲဘူးကပြောသည်။
တပ်ရင်းမှူးများမှာ ၃၊ ၄နှစ်အတွင်းတကြိမ် နေရာလှည့်လည် ပြောင်းရွေ့လေ့ ရှိသောကြောင့် ၎င်းတို့ သိမ်းယူထားခဲ့သော တပ်ပိုင်မြေယာများကို ပြန်လည်ရောင်းချကာ ရောက်ရှိလာသော တပ်ရင်းသစ်များလည်း ဒေသခံပြည်သူများ၏ မြေယာသစ်များကို ရှာဖွေ၍ ပြန်လည်သိမ်းယူလေ့ရှိကြောင်း သူကဆက်ပြောသည်။
ကရင်နီပြည်တွင်းရှိ လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်အတွင်းတွင် စစ်အစိုးရ တပ်ရင်း ၁၂ ရင်း တပ်စွဲလျက်ရှိသည်။ ၎င်းတို့မှာ လွိုင်ကော်တွင် ခလရ ၅၄၊ ရ၂၊ ၂၆၁၊ ၂၅ဝ၊ ခမရ ၅၃ဝ၊ ဖရူဆိုတွင် ခမရ ၄၂၈၊ ၅၃၁၊ ဘောလခဲတွင် ခမရ ၃၃၇၊ ၄၂၉၊ ၄၃ဝနှင့် ဒီမောဆိုမြို့နယ်တွင် ခလရ ၁ဝ၂၊ ခမရ ၄၂၇တို့ ဖြစ်သည်။