သျှမ်းပြည်အလယ်ပိုင်း အရှေ့ပိုင်း အပစ်ရပ်တပ်ထိန်းချုပ်ဒေသများဆီသို့ နအဖ စစ်ယာဉ်တန်း အများအပြား တက်လာ ကြောင်း SSA လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းရပ်ကွက်က ပြောပါသည်။
“တပ်မ ၅၅ (ကလော) နည်းဗျူဟာ ၅၅၃ က စစ်ကားအစီး ၈၀ လောက် တောင်ကြီးကနေ မိုင်းကိုင်ဘက်တက်သွားတယ်။ တပ်မ ၃၃ လဲ ကျေးသီးဘက်သွားတယ်”- ဟု SSA ဌာနချုပ် အရာရှိတဦးက ပြောပါသည်။
တရုတ်လုပ် တုန်းဖုန်း အမျိုးအစား နအဖ စစ်ကား
ဇန္ဖဝါရီ ၁၃ ရက် နေ့ တပ်မ ၅၅ (ကလော) ၊ တပ်မ ၃၃ (ရွာထောင်) တို့မှ စုစုပေါင်း နအဖ စစ်ယာဉ်တန်း အစီး ၁၀၀ ထက် မနည်း သျှမ်းပြည်အလယ်ပိုင်းသို့ တက်သွားခြင်းဖြစ်ပြီး၊ လက်နက်ခဲယမ်း စစ်ပစ္စည်း/ရိက္ခာ နဲ့ စစ်သားတချို့ တင်ဆောင် သွားကြောင်း ၊ “ကားအစီးရေများပေမဲ့ တပ်မ နှစ်ခု ထဲက တပ်အင်အားက နည်းဗျူဟာ ၂ ခုဘဲ သွားတယ်တဲ့၊ လူသူ လက် နက်အင်အား ၄၀၀ ကျော်နိုင်တယ်” - ဟု တောင်ကြီး - မိုင်းကိုင် - ကျေးသီး ခရီးသွားကုန်သည်တဦးက ပြောပါသည်။
“တပ်မ ၃၃ က နည်းဗျူဟာတခု ၊ စစ်ကား အစီး ၂၀ တဲ့။ ကျေးသီးမြို့ကနေ မိုင်းနောင်- မိုင်းရှူးဘက်တချို့ဆက်သွား တယ်။ တချို့သံလွင်ကူးတို့ဆိပ်အထိဆင်းသွားပြီး ၀ နယ်ခြား မော်ဖှာ့ဘက်ကူးသွားတာလဲရှိမယ်လို့ လဲပြောနေတယ်” - ဟု လည်း မိုင်းနောင်မြို့ခံတဦးက ပြောပါသည်။
ဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သော သျှမ်းပြည်တပ်မတော် SSA မှ (သျှမ်းပြည်အလယ်ပိုင်းလှုပ်ရှားနေသော) တပ်မှူး တဦးက နအဖ စစ်ယာဉ်တန်းချီတက်လာမှု အကြောင်းရင်း သုံးခု ရှိနိုင်ကြောင်း -
၁။ အပစ်ရပ် သျှမ်း နှင့် ၀ ထိန်းချုပ်နယ်မြေ အကြားဖြတ်တောက်လိုခြင်း၊ အထူးသဖြင့် အပစ်ရပ် SSA တပ်မဟာ ၁ နှင့် တပ်မဟာ ရ ကြား - ကြားခံလှုပ်ရှားဖြတ်တောက်လိုခြင်း။
၂။ အပစ်ရပ် SSA ထိန်းချုပ်နယ်မြေ နှင့် ဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သည့် SSA ထိန်းချုပ် နယ်မြေကြားပိတ်ဆို့ ထားလိုခြင်း။
၃။ အပစ်ရပ် SSA ၊ ၀ ပြည်သွေးစည်းရေးတပ်မတော်၊ မိုင်းလားတပ်ဖွဲ့များ ကူးလားဝင်ထွက်မှု အဆက်အသွယ်မလုပ်နိုင် စေရန် ဖြတ်တောက်လိုခြင်းများ ဖြစ်နိုင်ကြောင်း - သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။
သျှမ်းပြည်မြောက်ပိုင်း စစ်ရေးသုံးသပ်သူတဦးကလည်း ယခုလ ၈-၁၅ ရက်နေ့ကလည်း မန္တလေး - မေမြို့ ဘက်မှ လားရှိုး သိန္နီ၊ ကွတ်ခိုင်၊ ကွန်လုံ - ဟိုပန် ဘက်တက် သွားသော နအဖ စစ်ယာဉ်တန်း တရက်အနည်းဆုံး ၁၅-၂၀ စီးခန့် ရှိကြောင်း၊ လက်ရှိအနေအထားများ ပေါင်းစပ်ကြည့်ပါက အပစ်ရပ်တို့အပေါ် ချက်ခြင်းလက်ငင်း ထိုးစစ်ဆင်နိုင်မည့် အလားအလာ မရှိသေးသော်လည်း ယုံကြည်စိတ်ချရမည့် အနေအထား မဟုတ်ကြောင်း၊ နဂိုထက် ပိုမိုပြင်ဆင်သတိထား ရမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုပါသည်။