မြန်မာစစ်အစိုးရသည် ဇန်နဝါရီလ ၁ရက်နေ့တွင် သက်ဆိုင်ရာဌာန ဝန်ထမ်းများကို် လစာနှုန်းထား တိုးမြှင့်လိုက်ပြီဟု ကြေညာပြီး နောက်ပိုင်း ပြည်တွင်းရှိ ဆန်နှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းအချို့ တက်လာသည်ဟု သိရသည်။
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းတွင် အခြေခံစားသုံးကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ကြက်သွန်နှင့် အချို့ကုန်စျေးနှုန်းများ သည် ယခုလဆန်းပိုင်းမှစ၍ စျေးနှုန်း မြှင့်တက်လာသည်ဟု မြို့သူတဦးက ယခုလို ပြောသည်။
သူမက “ဒီဇန်နဝါရီကစပြီးတော့ ကုန်စျေးနှုန်းတွေ နည်းနည်းတက်လာတယ်။ အထူးသဖြင့် ဆန်တွေပေါ့။ ဆန်အမျိုးအစားပေါ် မူ တည်ပြီး စျေးနှုန်းအလိုက် ၅၀၀ကျပ်ကနေ ၂,၀၀၀ ဝန်းကျင်အထိ မြှင့်တက်လာတယ်။ ကြက်ကျွေးတဲ့ ဆန်အမာတွေတောင် တပြည်ကို ၆၀၀ကနေ ၆၅၀ကျပ်အထိ ထိုးတက်လာတယ်။
အသားတွေလည်း စျေးတက်တယ်။ ဝက်သားဆိုရင် တပိဿာကို ကျပ် ငွေ ၂၅၀၀မှ ၃၀၀၀အထိ ဖြစ်လာတယ်။ ကြက်သွန်တို့၊ စားသုံးဆီတို့လည်း အဲလိုပဲ စျေးနည်းနည်းတက်လာတယ်”ဟု ကေအိုင်စီ ကို ပြောသည်။
ထို့အပြင် ပြည်တွင်း ဆက်သွယ်ရေး ဖုန်းကဒ်တကဒ်ကို ကျပ် ၂၄,၀၀၀ကျပ်မှ ယခုကျပ် ၂၆,၀၀၀အထိဖြစ်လာပြီး ရုံးဖုန်း၊ အိမ်ဖုန်း ခေါ်ဆိုမှုနှုန်းထားကလည်း နှစ်ဆစျေးတက်လာသည်ဟု အဆိုပါ ဖားအံမြို့သူက ဆိုသည်။
အလားတူ ရန်ကုန်မြို့တွင်လည်း အခြေခံစားသောက်ကုန်စျေးနှုန်းအချို့ ယခုဇန်နဝါရီလ ဒုတိယအပတ်မှစ၍ ပြောင်းလဲမှုများရှိပြီး အနည်းငယ်စျေးတက်လာသည်ဟု ပြည်တွင်းအခြေစိုက် Eleven News Media Group သတင်းတွင် ရေးသားဖော်ပြထားသည်။
ယခုလက်ရှိတွင် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အဓိက အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန်ကို အမျိုးအစားအပေါ် မူတည် ပြီး တအိတ်လျှင် ပုံမုန်စျေးနှုန်းထက် ကျပ် ၅၀၀မှ ၂,၀၀၀အထိ တက်လာကြောင်း၊ ရန်ကုန်စျေးထဲတွင် ပုသိမ်ပေါ်ဆန်းမွှေး (ရှယ်) တအိတ်လျှင် ကျပ် ၂၅,၀၀၀မှ ၃၀,၀၀၀ကျပ်ခန့်ဖြစ်လာပြီး ဧည့်မထဆန် (ရှယ်) တအိတ်လျှင် ၁၆,၀၀၀ကျပ်မှ ၁၇,၀၀၀ကျပ်အထိ မြှင့်တက်လာသည်ဟု သိရသည်။
ယင်းကုန်စျေးနှုန်းများ တက်လာခြင်းသည် ပြည်တွင်းရှိ စစ်အစိုးရဝန်ထမ်း၏ လစာနှုန်းထား တိုးလာသဖြင့် ကုန်စျေးနှုန်းလည်း လိုက်၍ ပြောင်းလဲလာခြင်းဖြစ်သည်ဟု ပြည်သူအချို့က ယူဆကြသည်။
ပြီးခဲ့သော ဒီဇင်ဘာလ ၃၁ရက်နေ့က နအဖ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး နေပြည်တော်မှ အစိုးရဌာနများတွင် တာ ဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ လစာနှုန်းထားများကို ဇန်နဝါရီ ၁ရက်နေ့မှစ၍ ရာထူးအဆင့် မခွဲခြားဘဲ တပြေးညီ ၂၀,၀၀၀ကျပ် တိုးမြှင့်ပေးလိုက်ကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရအနေဖြင့် စီးပွားရေး ပြင်ဆင်မှု တစုံတရာ မလုပ်ဘဲ ရုတ်တရက် အစိုးရ ဝန်ထမ်းလစာများ တိုးမြှင့်လိုက်ခြင်းကြောင့် ကုန် စျေးနှုန်း အဆမတန် ကြီးမြှင့် လာခြင်း၊ ငွေကြေးဖောင်းပွခြင်းနှင့် အခြားနောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာပါက ပြည်သူတ ရပ်လုံး ထိခိုက်စေနိုင်ကြောင်း ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူဘီ)က ယခုလ ရရက် နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ကာ စစ်အစိုးရအား ထောက်ပြထားသည်။