တပ်မ ၆၆ တပ်နှင့် ထောက်လှမ်းရေးတပ် တင်းမာမှုဖြစ်ပွား

တပ်မ ၆၆ တပ်နှင့် ထောက်လှမ်းရေးတပ် တင်းမာမှုဖြစ်ပွား
by -
ဖနိဒါ
ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် အင်းမကျေးရွာ အခြေစိုက်သည့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတရင်းနှင့် ထောက်လှမ်းရေးတပ်တို့အကြား ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ တင်းမာမှု...

ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် အင်းမကျေးရွာ အခြေစိုက်သည့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတရင်းနှင့် ထောက်လှမ်းရေးတပ်တို့အကြား ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ တင်းမာမှု ဖြစ်ပွားနေသည်။


သဲကုန်းမြို့နယ် အင်းမကျေးရွာရှိ ခမရ ၈၀ နှင့် ခမရ ၅ သို့ ရန်ကုန်မှရောက်လာသည့် ထောက်လှမ်းရေး တပ်ဖွဲ့အကြား တင်းမာမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသလို ဒေသခံများကလည်း ပြောကြားကြသည်။

“ဦးတို့သိတာကတော့ ခလရ ၈၀ နဲ့ မကြာခင်ကဘဲ ရန်ကုန်ကနေ ရောက်လာတဲ့ ထောက််လှမ်းရေး၊ စရဖ ပေါ့။ ခမရ ၅ ထဲမှာ လာပို့ထားတယ်လို့ ပြောတယ်။ အဲဒီတပ်တွေက အငြင်းပွားမှုတွေ ဖြစ်ခဲ့တယ်လို့ သိတယ်။ တပတ်လောက် ရှိပြီ။ အာဏာဖီဆန်မှုတော့ ဖြစ်တယ်လို့ကြားတယ်” ဟု ပေါင်းတည်မြို့ခံက မဇ္စျိမကို ပြောသည်။

သို့သော် ဘီဘီစီ မြန်မာပိုင်း ယမန်နေ့ ညပိုင်း အစီအစဉ်ကမူ တပ်မ ၆၆ လက်အောက်ခံ  အာဏာဖီဆန်သည့် ခမရ ၈၀ တပ်က ပြီးခဲ့သည့် တနင်္ဂနွေညက ပစ်ခတ်မှုများရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ခမရ ၅ မှ ထောက်လှမ်းရေး တပ်ကြပ်ကြီးတဦး အင်းမရွာနှင့် ရွာတောင်ကြားရှိ စစ်ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ထုတ်လွှင့်ခဲ့သည်။

ဒေသခံ တပ်မိသားစုဝင်တဦးက “၆၆က လုံးဝ ဝင်လို့မရဘူး။ ပိုပြီးတော့ အခြေအနေ တင်းကျပ် သွားတယ်။ နောက် တပ်သားတွေကို အနားပေးထားတယ်။ မနေ့ကကိစ္စဆိုရင် ထောက်လှမ်းရေးက အတင်းအဓမ္မ ဝင်ရောက်လို့ အခုလိုဖြစ်တာတဲ့။ အဲဒါ ရွာသားတွေက ကျနော်တို့ကို ပြောပြတယ်” ဟု ဘီဘီစီ အား ဖြေကြားသွားခဲ့သည်။

ထို့အပြင် “တပ်မ ၆၆ ရဲ့ ခမရ ၈၀၊ ၆၈၊ ရ၅ တပ်ရင်းတွေဟာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယအပတ်ကတည်းက အာဏာဖီဆန်လာခဲ့တာပါ” ဟုလည်း ဘီဘီစီက ပြောသည်။

လျို့ဝှက်လွန်းသည့် မြန်မာ့တပ်မတော်တွင် တိုက်ခိုက်ရေးနှင့် ထောက်လှမ်းရေးတပ်များအကြား မသင့်မြတ်မှုမှာ အစဉ်အလာတရပ်ဖြစ်သော်လည်း ယခုအကြိမ်တွင် တိုက်ပွဲဖြစ်ပွားသည်အထိ ဖြစ်သည်ဆိုခြင်းကို သံသယ ရှိနေသူများလည်းရှိနေကြောင်း ရန်ကုန်ရှိ မဇ္စျိမသတင်းထောက်က ပြောသည်။

ပြည်ပရောက် စစ်တပ်အရာရှိဟောင်းတဦးကမူ ခမရ ၈ဝ အပါအဝင် အမည်မသိ အခြား ယင်းဒေသ အခြေစိုက် တပ်ရင်း ၂ ရင်းတို့၌ ယခင်လ ၂ဝ ရက် ဝန်းကျင်တွင် တပ်တွင်းလစာနှင့်ပတ်သက်၍ အာဏာဖီဆန်မှုများရှိခဲ့သဖြင့် အရာရှိများနှင့် တပ်သား များ အနည်းဆုံး ၅ဝ ဦးခန့် ဖမ်းဆီးခံထားရကြောင်း မဇ္ဈိမကို ပြောသည်။

၆၆ တပ်မမှူး ဗိုလ်မှူးကြီး စန်းမြင့်အား စစ်ခုံရုံးတင် စစ်ဆေးနေကြောင်းလည်း သူက ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တာ လုံးဝမဟုတ်ဘူး။ တင်းမာမှုဖြစ်ပွားတာပါ၊ အဓိကတော့ စားဝတ်နေရေး ကြပ်တည်းလို့ ဖြစ်လာတဲ့အပိုင်းမှာ သူတို့က အပစ်ခတ်ရပ် အဖွဲ့တွေနဲ့ လစာမတူတော့ ပြန်ပြီးတော့ ဖီဆန်တဲ့ သဘောပါဘဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်ဘက်သတင်းများရေးသားနေသော ဆောင်းပါးရှင် ဂါမဏိကမူ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာမှန်ကြောင်း သို့သော် “ပစ်တာခတ်တာက ခနလေးဘဲ။ တဘက်ကတပ်က ဆုတ်သွားလို့ ဆိုပြီး  လောလောဆယ်တော့ ငြိမ်နေတယ်” ဟု သူက မဇ္စျိမကိုပြောသည်။

တပ်မ ၆၆ သည် နာဂစ်ကာလတွင် ဧရာဝတီတိုင်း ကဒုံကနိကျေးရွာ ဝန်းကျင်၌ တပ်စွဲကာ လူ့အခွင့်အရေးချိုးဖောက်မှု အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုများ ကျူးလွန်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

Most read this week