အတိုက်အခံ အမျိုးသမီးများ ၂၂ မြို့နယ် ဖြန့်ကျက်

အတိုက်အခံ အမျိုးသမီးများ ၂၂ မြို့နယ် ဖြန့်ကျက်
by -
မြင့်မောင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်အမျိုးသမီးအဖွဲ့များကို လွန်ခဲ့သည့် ရ လအတွင်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ မြို့နယ် ၂၂ မြို့နယ်တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ ပါတီ စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့်နှစ် ဇွန်လမှစတင်၍...


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်အမျိုးသမီးအဖွဲ့များကို လွန်ခဲ့သည့် ရ လအတွင်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ မြို့နယ် ၂၂ မြို့နယ်တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပါတီ စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့်နှစ် ဇွန်လမှစတင်၍ ရန်ကုန်၊ မန္တလေးနှင့် တနင်္သာရီတိုင်းတွင် အန်အယ်ဒီ အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) က ကြီးမှူး ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

“အဓိက စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဖို့ ဖြစ်တယ်။ အမျိုးသမီးအဖွဲ့တို့၊ လူငယ်လုပ်ငန်းအဖွဲ့တို့က အဖွဲ့ချုပ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်တဲ့အတွက် အဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို အကောင်အထည် ဖော်ပေးဖို့အတွက် ဖြစ်တယ်။ စည်းရုံးရေး လုပ်ငန်းတွေ လုပ်ပြီးတော့ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေကို ပံပိုးပေးသွားဖို့ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်း အမျိုးသမီး လုပ်ငန်းအဖွဲ့ တာဝန်ခံ ဒေါက်တာမေဝင်းမြင့်က မဇ္စျိမကို ပြောသည်။

ရန်ကုန်တိုင်းတွင် ကော့မှူး၊ မရမ်းကုန်း၊ လှိုင်၊ သံလျင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရန်ကင်း၊ ဗဟန်း၊ ခရမ်း၊ သာကေတ၊ ဒဂုံမြို့သစ် အပါအဝင် မြို့နယ် ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းတွင် ၈ မြို့နယ်နှင့် မန္တလေးတိုင်းတွင်မူ ၂ မြို့နယ်တို့ ဖြစ်သည်။

ဒေါက်တာမေဝင်းမြင့်က “စည်းရုံးရေးနဲ့ ဖွဲ့စည်းရေးကို တပြိုင်တည်း လုပ်နေပါတယ်။ ရန်ကုန်တိုင်းမှာ ၁၂ မြို့နယ် ရှိပြီ။ တလတခါ အစည်းအဝေး လုပ်တယ်။ မြို့နယ်က တင်ပြတဲ့ အချက်တွေ ပြန်ဆွေးနွေးတယ်။ အဖွဲ့ချုပ်က ချပေးတဲ့ မူဝါဒတွေကို ရှင်းလင်းပြတာတွေကို လုပ်တယ်။ အမျိုးသမီးတွေအနေနဲ့ အဖွဲ့ချုပ်ရုံးမှာ ရန်ပုံငွေအဖြစ် ပစ္စည်းတွေ ရောင်းချနေတယ်။ အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ဆွမ်းလောင်းပွဲ လုပ်တယ်” ဟု ပြောသည်။

မန္တလေးတိုင်း အမျိုးသမီးလုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် မအေးအေးမာက “အဖွဲ့ချုပ် ဗဟိုက ညွှန်ကြားချက်အရ မန္တလေးတိုင်း အနောက်မြောက်နဲ့ အရှေ့မြောက် ၂ မြို့နယ် ဖွဲ့ဖို့ကျန်သေးတယ်။ မိတ္ထီလာ၊ ဝမ်းတွင်း မြို့နယ်တွေက လာရောက်ဖွဲ့စည်းရေးအတွက် အကြောင်းကြားလာတွေတော့ ရှိပါတယ်။ မြို့နယ်ဥက္ကဋ္ဌက နေပြီးတော့ ဘယ်နေ့ဘယ်ရက်မှာ လာရောက်ဖွဲ့စည်းပေးပါဆိုတဲ့ အကြောင်းကြားစာကို စောင့်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၅ ရက်နေ့တွင် မန္တလေး အရှေ့တောင်မြို့နယ်နှင့် ၁၅ ရက်နေ့တွင် အနောက်တောင်မြို့နယ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တိုင်းနှင့် ပြည်နယ်များအတွင်းရှိ အန်အယ်ဒီ မြို့နယ် အမျိုးသမီးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် တိုင်းနဲ့ ပြည်နယ် အထောက်အကူပြု အဖွဲ့ဝင်အဖြစ် ရန်ကုန်တိုင်းတွင် အမျိုးသမီး ၁၂ ဦးအပြင် ကချင်ပြည်နယ် ၁ ဦး၊ ရခိုင်ပြည်နယ် ၁ ဦး၊ မန္တလေးတိုင်း ၂ ဦး၊ ပဲခူးတိုင်း ၁ ဦး၊ ကရင်ပြည်နယ် ၁ ဦး၊ ရှမ်းပြည်နယ် ၁ ဦး၊ မကွေးတိုင်း ၁ ဦး၊ တနသာင်္ရီတိုင်း ၁ ဦး၊ စစ်ကိုင်းတိုင်း ၂ ဦး စသဖြင့် အမျိုးသမီး ၁၁ ဦးကို ရွေးချယ်တာဝန်ပေးအပ်ပြီးဖြစ်သည်။

အလားတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ဝင်များကလည်း အထက် မြန်မာပြည် ဒေသတချို့တွင် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်းနှင့် အကျယ်ချုပ် ကျခံနေရသည့် အန်အယ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အန်အယ်ဒီ ဗဟိုရှိ အမျိုးသမီးရေးရာ ကော်မတီနှင့် လူငယ်လုပ်ငန်း အဖွဲ့တွင် တာဝန်ခံဖြစ်ကြောင်း သိရသည်။
အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့သည် အမျိုးသမီးရေးရာ ကော်မတီ လက်အောက်တွင် တည်ရှိသည်။

Most read this week