မိုဘိုင်းဖုန်း အလုံးရေ တသိန်းကျော် ချထားပေးမည်ဆိုသော သတင်းနှင့်အတူ မိုဘိုင်းဖုန်းစျေးများ ကျဆင်းသွားခဲ့သည်။
မိုဘို်င်းဖုန်း တသိန်းသုံးသောင်းကျော်ကို တိုးချဲ့ တပ်ဆင်သွားမည်ဟု စစ်အစိုးရက သတင်းစာများမှ တဆင့် ကြေညာခြင်းနှင့် မိုဘိုင်းဖုန်း ခေါ်ဆိုခအချို့ နှစ်ဆခန့် စျေးတက်သွားရာက စျေးကျလာခဲ့သည်။
“အခုက GSM နဲ့ ကမ်းရိုးတန်းဖုန်း အဟာင်းဆိုရင်က ၁၄ သိန်း ဝန်းကျင်။ အမည်ပေါက် ကဒ်အသစ်ဆိုရင် ၁၆ သိန်း ၅ သောင်း။ အရင်က ဒီဇင်ဘာလလောက်ကဆိုရင် အဟာင်းက ၁၇ သိန်း။ အသစ်က ၁၈ သိန်း ဝန်းကျင်လောက် ပေါက်တယ်။ WCDMA ဆိုရင်လည်း အရင် ၂၀ ကျော်ကနေ အခု ၁၇ သိန်းလောက်ပဲ ရှိတယ်” ဟု ရွှေဂုံတိုင်မြို့နယ်မှ ဖုန်းအရောင်းအဝယ် လုပ်ကိုင်သူ ကိုဇော်ဇော်က မဇ္စျိမကို ပြောသည်။
သို့သော်လည်း အရောင်းအဝယ်ကတော့ ထိုင်းမှိုင်း နေဆဲပင်ဖြစ်သည်။
“ အဝယ်အေးရင်သာ အေးသွားမယ်။ စျေးမေးတဲ့လူလောက်ပဲ ရှိတယ်။ အဝယ်၊ အငှားက လုံးဝ အေးစက်စက်ပဲ” ဟု ကိုဇော်ဇော်က ပြောသည်။
ယခုနှစ်အတွင်း အော်တို တယ်လီဖုန်း (လိုင်းဖုန်း) အလုံးရေ ၄၀၀၀၀ အပြင် မိုဘိုင်းဖုန်း တသိန်းသုံးသောင်းနှင့် အော်တိုအိတ်ချိန်း ရ၀ တိုးချဲ့ တပ်ဆင်သွားမည်ဟု ယခုလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။
ယခုလ ၁ ရက်နေ့မှ စတင်၍ မိုဘိုင်းဖုန်းလိုင်းအချို့ (GSM, WCDMA, CDMA 450 Mhz) ၏ ပြည်တွင်း ခေါ်ဆိုခ နှုန်းထားများသည် ယခင်က (မြို့တွင်း) တမိနစ်လျှင် ၂၅ ကျပ်နှင့် (နယ်ဝေး) တမိနစ်လျှင် ၃၅ ကျပ်မှ ၅၀ ကျပ်သို့ တိုးမြှင့်မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မြို့နယ် တယ်လီဖုန်း ငွေစာရင်းရုံးများတွင် ကြေညာခဲ့သည်။
သို့သော် CDMA 800 Mhz, ဆယ်လူလာဖုန်းတို့ အပါအဝင် အချို့ မိုဘိုင်းဖုန်းများနှင့် လိုင်းဖုန်းများ၏ ခေါ်ဆိုနှုန်းထားများမှာမူ ယခင်အတိုင်းပင် ဖြစ်သည်။
လူဦးရေ ၅၅ သန်းခန့်ရှိ မြန်မာနိုင်ငံတွင် တယ်လီဖုန်း လိုင်းပေါင်း ၂၀၀၈၀၆၉ (၂ သန်းကျော်) ရှိသည်။
လက်ရှိ SMS တစောင် ပို့ဆောင်ခအဖြစ် ၂၅ ကျပ် ပေးရပြီး ပြည်တွင်း၌သာ ပို့ဆောင်၍ ရရှိကြောင်းနှင့် မြန်မာနိုင်ငံသည် International Roaming Service တွင် ဝင်ရောက်ခြင်း မရှိသဖြင့် နိုင်ငံတကာသို့ SMS ပို့၍ မရကြောင်း သိရသည်။