ဖိုင်ဘာဆက်ကြောင်း တခုတည်းဖြင့် အင်တာနက်၊ ကေဘယ်တီဗီနှင့် တယ်လီဖုန်း ၃ မျိုးစလုံးအတွက် ရန်ကုန်တွင် မကြာခင် စတင် သုံးစွဲနိုင်တော့မည် ဖြစ်သည်။
ဝန်ဆောင်မှုကို ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး၊ ကနဦး တပ်ဆင်ကြေး မသိရသေးသော်လည်း လစဉ်ကြေးအဖြစ် FEC ၅၀ ခန့်ကို သုံးစွဲလိုသူများက ပေးဆောင်ရမည်ဟု သိရသည်။
ဖိုင်ဘာဆက်ကြောင်းများကို ရန်ကုန်မြို့လည်ရှိ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်းနှင့် လသာမြို့နယ်တို့တွင် အသုံးပြုနိုင်ရန် တပ်ဆင်ပြီး ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သတင်းရပ်ကွက်များက ဆိုသည်။
ယခု ဆက်သွယ်ရေး စနစ်တွင် ဒေသတွင်း အသုံးပြုရန်အတွက် မြန်နှုန်းမြင့် ကွန်နက်ရှင်ကို တစက္ကန့်လျှင် ၂.၅ ဂီဂါဘိုက် (GBPS) အဖြစ် ထားရှိပြီး၊ ထိုအမြန်နှုန်းမှာ ရုပ်သံလိုင်းများကို ကောင်းမွန်စွာ ကြည့်ရှုနိုင်မည်။
ထို့ပြင် ထုတ်လွှင့်ပြီး ရုပ်သံများကို သိမ်းဆည်းထားနိုင်ပြီး ပြန်ကြည့်လိုပါက တောင်းခံမှုများ ပြုလုပ်နိုင်ကြောင်း အမည်မဖော်လိုသူ ဆက်သွယ်ရေး လုပ်ငန်း ဝန်ထမ်းတဦးက ပြောသည်။
တယ်လီဖုန်း အသုံးပြုခြင်းအတွက် မြို့တွင်း၌ အခမဲ့ ပြောဆိုခွင့်ရှိပြီး၊ အင်တာနက် အသုံးပြုခြင်းအတွက်မူ ၁၂၈ kbs (KBPS) နှုန်းဖြင့်သာ ရရှိမည်ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။
ဝန်ဆောင်မှုကို ဧပြီလမတိုင်ခင် စတင်ရောင်းချသွားဖွယ်ရှိပြီး ရန်ကုန်မြို့အနှံ့ သုံးစွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။