ကရင်နီပြည် အမှတ် ၂ ခရိုင်ဒေသတွင် တအိမ်ထောင်လျှင်တဦး စစ်မှုထမ်းဆောင်ရန် အပစ်ရပ်အဖွဲ့များက တောင်းခံထားသောကြောင့် ဆန္ဒမပါသော ရွာသားများ တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ပုန်းအောင်းနေကြရသော ရွာသားများက ပြောသည်။
ဒေသခံရွာသားများအား တအိမ်ထောင်လျှင်တယောက် မဖြစ်မနေ စစ်မှုထမ်းဆောင်ရန် ကရင်နီ သွေးစည်းညီညွတ်ရေး (ကေအဲန်အက်စ်အို ခေါ် ကြယ်ဖြူ) နှင့် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရး တပ်ဦး (ကေအဲန်ပီအယ်လ်အက်ဖ် ခေါ် ကြယ်နီ)မှ အမိန့်ချမှတ်ထားခြင်းဖြစ်ပြီး လိုက်လံစုဆောင်းနေသည်ဟု ရွာသားများက ဆိုသည်။
“ရွာသားတွေကို စစ်တပ် မခေါ်လုပ်ခင် သူတို့ အစည်းအဝေး အရင်ပြန်လုပ်သေးတယ် မဟုတ်လား။ သူတို့ လုပ်တော့ ဘာပြောလဲဆို အဲဒီနယ်မြေတွေမှာ သူတို့ အကုန်လုံး ပိုင်ထားတယ်လေ။ သူတို့ နယ်မြေဖြစ်တော့ စစ်တပ်ထဲ ခေါ်ဝင်ရင် သွားရမယ်တဲ့။ သူတို့ကို လိုက်ရမှာပေါ့” ဟု စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်ခြင်းခံရသော အမှတ် ၂ ခရိုင် သီးပလိုကျေးရွာမှ ရွာသားတဦးက ပြောသည်။
အပစ်ရပ် အဖွဲ့တို့သည် ၎င်းတို့ တပ်ဖွဲ့အတွင်း၌ စစ်မှုထမ်းဆောင်ရန်အတွက် အရွယ်ရောက်ရှိသော လူပျိုလူလွတ်ဖြစ်သူ ရွာသူ/သားများကို ယောက်ျားဖြစ်စေ၊ မိန်းကလေးဖြစ်စေ တောင်းခံထားကြောင်း၊ စစ်မှုထမ်းဆောင်ခြင်း မလိုလားသော ရွာသူ/သားများအား ဖမ်းဆီးထောင်ချခြင်း သို့မဟုတ် ဒဏ်ငွေများ ပေးဆောင်ရမည်ဟု အမိန့်ချမှတ်ထားကြောင်း တောတွင်းသို့ ထွက်ပြေးပုန်းအောင်းနေသော အဆိုပါ ရွာသားက ဆက်ပြောပြသည်။
ယခုလို ရွာသူရွာသားများအား စစ်တပ်ထဲ လိုက်လံသွတ်သွင်းနေမှုကြောင့် အပစ်ရပ်အဖွဲ့အတွင်း၌ အသိဆွေမျိုး ရှိသူများက ၀င်ရောက်လုပ်ဆောင်သူများ အချို့ရှိနေသော်လည်း စိတ်ပါ၀င်စားမှု မရှိသူများသည် ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု တောတွင်းသို့ ထွက်ပြေးသိမ်းရှောင်နေရသော သီးပလိုကျေးရွာမှ အသက် ၁၉ နှစ်ရှိ လူငယ်တဦးက ပြောသည်။
၎င်းက “မဝင်ချင်တာက ကျနော်တို့လည်း အခက်အခဲ ရှိတယ်လေ။ ကျနော်တို့လည်း အမေအဖေကို လုပ်ကြွေးရမှာ။ ပြီးတော့ သူတို့ထဲမှာ ၀င်ရင်လည်း ကျနော်တို့က သူတို့ လုပ်တဲ့ အလုပ်ပဲ လုပ်ရမှာလေ။ ဘာမှ ကျနော်တို့ အလုပ်ကိုလည်း မလုပ်ရတော့ဘူးလေ။ အဲဒါကြောင့် မလုပ်ချင်တာ” ဟုပြောသည်။
အမှတ် ၂ခရိုင်မှ ရွာသားများသည် မြန်မာစစ်အစိုးရတပ်နှင့် ကရင်နီတပ်မတော်အကြား ဖြစ်ပျက်နေသော တိုက်ပွဲအများအား ကြောက်လန့်သောကြောင့် တောတွင်းသို့ နှစ်ပေါင်းများစွာ ရွာပုံးရွာရှောင်အဖြစ် ပုန်းအောင်းနေကြရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကရင်နီပြည်ရှိ အပစ်ရပ်အဖွဲ့တို့မှ စစ်အစိုးရထံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရန် လက်ခံလိုက်ပြီးသည့်နောက် ရွာသားများအား ယခုလို စစ်မှုထမ်းဆောင်ရန် ဖိအားပေးမှုများ ပေါ်ပေါက်လာခဲ့သည်။
စစ်မှုထမ်းဆောင်ရန် ဆန္ဒမပါဘဲ တောတွင်းတွင် တိမ်းရှောင်နေသော ရွာသားနှစ်ဦးအား ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းချက်အရ တောတွင်းသို့ ထွက်ပြေးပုန်းအောင်းနေရသော ရွာသားများအနေဖြင့် ကရင်နီတပ်မတော် ထိန်းချုပ်ရာနယ်မြေ သို့မဟုတ် ထိုင်း-မြန်မာနယ်စပ်ဘက်သို့ ထွက်ပြေးလာနိုင်သည်ဟု ဆိုသည်။