လျှို့ဝှက် မှတ်တမ်းကြောင့် သေဒဏ်ကျသူများ အယူခံဝင်မည်

လျှို့ဝှက် မှတ်တမ်းကြောင့် သေဒဏ်ကျသူများ အယူခံဝင်မည်
by -
ကျော်သိင်္ခ
နအဖ စစ်ခေါင်းဆောင် နှစ်ဦး၏ ရုရှားနှင့် မြောက်ကိုရီးယား ခရီးစဉ် လျှို့ဝှက် မှတ်တမ်းများ ပေါက်ကြားမှုဖြင့် အင်းစိန်ထောင် အထူးတရားရုံးက ယမန်နေ့တွင် သေဒဏ်...

ချင်းမိုင် (မဇ္စျိမ)။      ။ နအဖ စစ်ခေါင်းဆောင် နှစ်ဦး၏ ရုရှားနှင့် မြောက်ကိုရီးယား ခရီးစဉ် လျှို့ဝှက် မှတ်တမ်းများ ပေါက်ကြားမှုဖြင့် အင်းစိန်ထောင် အထူးတရားရုံးက ယမန်နေ့တွင် သေဒဏ်ချမှတ်ခဲ့သူ နှစ်ဦးအတွက် အယူခံဝင်ရန် ရှေ့နေများ ပြင်ဆင်နေကြောင်း သိရသည်။

အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးရုံး ဥရောပရေးရာ ဌာနမှ အကြီးတန်းစာရေး ကိုသူရကျော် တို့အတွက် အယူခံဝင်ရန် ၄င်းတို့၏ ရှေ့နေများက ယနေ့မှ စတင်၍ ပြင်ဆင်နေပြီဟု အင်းစိန်ထောင် အသိုင်းအဝိုင်းမှ တဆင့် စုံစမ်းသိရှိရခြင်း ဖြစ်သည်။

အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက “ဗိုလ်မှူး ဝင်းနိုင်ကျော် ကိစ္စကို အယူခံတက်ဖို့အတွက် ဒီနေ့ပြင်ဆင်နေတယ်။ ရှေ့နေတွေကတော့ ဦးထွန်းအောင်၊ ဦးမျိုးအောင်နဲ့ ဦးခင်မောင်မြင့်တို့က ပါဝါတွဲထိုးထားကြတာပေါ့နော်။ သူရကျော် အတွက်ကိုလည်း သူ့ရှေ့နေက အယူခံဝင်ဖို့ လုပ်နေတယ်လို့ သိရတယ်” ဟု မဇ္စျိမကို ပြောသည်။

ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၏ လျှို့ဝှက် အစီရင်ခံစာများ အင်တာနက်မှ တဆင့် ပေါက်ကြားပြန်နှ့ံကုန်သဖြင့် အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်ကို သေဒဏ်နှင့် ထောင်ဒဏ် နှစ် ၂၀၊ ကိုသူရကျော် (ခ) အောင်အောင်ကို သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ အရပ်သား ဂိုပျံစိန် (ခေါ်) အစီးကို ထောင်ဒဏ် ၁၅ နှစ် အသီးသီး မြောက်ပိုင်း ခရိုင်တရားရုံးက အင်းစိန်ထောင်တွင်း၌ ယမန်နေ့က ရုံးထိုင်စီရင်ခဲ့ခြင်း ဖြစ်သည်။ ဂိုပျံစိန်အတွက်မူ ၎င်း၏ ရှေ့နေများက အယူခံ တင်မတင်ကို အတိအကျ မသိရသေးပေ။

ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ဖမ်းဆီးခံခဲ့ရသည့် ၎င်းတို့သုံးဦးမှ ဗိုလ်မှူး ဝင်းနိုင်ကျော်ကို နိုင်ငံတော် အရေးပေါ် အက်ဥပဒေပုဒ်မ ၃ အရ သေဒဏ် အပါအဝင် အီလက်ထရွန်းနစ် ပုဒ်မ ၃၃/ခ ဖြင့် ၁၅ နှစ်၊ နိုင်ငံခြားငွေ တရားမဝင် ကိုင်ဆောင်မှုဖြင့် ၃ နှစ်၊ အစိုးရ စာရွက်စာတမ်းကို မိမိနှင့်မသက်ဆိုင်ဘဲ ကိုင်ဆောင်မှုနှင့် ၂ နှစ်ချမှတ်ခဲ့သည်။

ကိုသူရကျော် (ခ) အောင်အောင်ကို နိုင်ငံတော်အရေးပေါ် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ် အပါအဝင် အီလက်ထရွန်းနစ် ဥပဒေ ပုဒ်မ ၃၃/ခ ဖြင့် ၁၅ နှစ် ချမှတ်ခဲ့သည်။ ဂိုပျံစိန် (ခ) အစီးကိုမူ အီလက်ထရွန်းနစ် ဥပဒေ ပုဒ်မ ၃၃/ခ ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

စီရင်ချက်များနှင့် ပတ်သက်၍ ရန်ကုန်မှ ဝါရင့်ဥပဒေ အတိုင်ပင်ခံ တဦးကမူ လက်ရှိ စစ်အစိုးရသည် ဖွဲ့စည်းပုံ ဥပဒေအရ တက်လာသည့် အစိုးရမဟုတ်သဖြင့် သေဒဏ်ပေးပိုင်ခွင့် မရှိကြောင်း မဇ္စျိမကို သုံးသပ် ပြောဆိုခဲ့သည်။

၁၉၈၉-၉၀ ခုနှစ် နဝတ-နအဖ အာဏာ ယူပြီးသည်မှစ၍ ပြီးခဲ့သည့်နှစ်အထိ မြန်မာနိုင်ငံတွင် သေဒဏ် အမိန့်ချခံရသည့် အမှုပေါင်း ၂၀၀ ကျော်ခန့် ရှိခဲ့ပြီး ဖြစ်သော်လည်း လက်တွေ့အားဖြင့် သေဒဏ် ပေးမပေးကိုမူ မသိရကြောင်း သူက ဆိုသည်။

မဇ္စျိမက ဖတ်ရှုခွင့်ရခဲ့သည့် အစီရင်ခံစာများထဲတွင် ရုရှား ဝန်ကြီးချုပ် မစ္စတာ မီခေးလ်ဖရက်ကော့ဗ်၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခဲ့သည့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အဖွဲ့၏ ၂၀၀၆ ခု ဧပြီလ ၂-၆ ရက်နေ့ ခရီးစဉ်မှ မဂ္ဂါဝပ် ၁၀ သန်း ထုတ်လုပ်နိုင်သော နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး၊ ရုရှားရောက် မြန်မာ သင်တန်းသားများကို နျူကလီးယား သိပ္ပံဘာသာရပ်များနှင့် အာကာသ နည်းပညာများ ဆက်လက် သင်ကြားပေးရေး တို့အတွက် အာမခံချက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရုရှားနိုင်ငံလုပ် MIG 29၊ MI 17 တိုက်လေယာဉ်များ တိုးချဲ့ဝယ်ယူရေး၊ Guided Missile (အဝေးထိန်း ဒုံးကျည်) ထုတ်လုပ်ရန် နည်းပညာ သင်ယူနိုင်ရေး၊ သင်္ဘောများ ဝယ်ယူနိုင်ရေး တို့အတွက်လည်း အာမခံချက်များ ရရှိခဲ့သည်။

အလားတူပင် ၂၀၀၈ ခု နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်သည့် တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်များ၏ တရုတ်နိုင်ငံမှတဆင့် သွားရောက်ခဲ့သော မြောက်ကိုရီးယား ခရီးစဉ်မှလည်း နှစ်နိုင်ငံ စစ်တပ်အကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံတွင် လေယာဉ်နှင့် သင်္ဘောများထားရှိမည့် ဥမင် လှိုဏ်ခေါင်းများ၊ မြေအောက် အဆောက်အဦးများ ဆောက်လုပ်ရေးအတွက် မြောက်ကိုရီးယား တပ်မတော်က အကူအညီပေးသွားရန် သဘောတူညီမှုများ ရရှိခဲ့သည်။

၁၉၇၆ ခုနှစ်တွင်လည်း ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကျော်ထင် လက်အောက်တွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်သော ဗိုလ်ကြီး အုန်းကျော်မြင့်က ဦးနေဝင်း အပါအဝင် မဆလ ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးစားခဲ့သဖြင့် သေဒဏ် ပေးခံရဖူးသည်။ ထိုစဉ်က ဦးနေဝင်းအစိုးရမှာ ၁၉၇၄ အခြေခံဥပဒေဖြင့် တက်လာခြင်း ဖြစ်သောကြောင့် သေဒဏ်ပေးခွင့် ရှိခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)