နာဂစ် မုန်တိုင်းသင့် ဒေသအတွက် ရန်ပုံငွေ ရှာဖွေမည့်အနေဖြင့် “အလွမ်းများနှစ် ဧရာဝတီ” အမည်ရ ဒီဗီဒီ ဇာတ်ကားကို ဂျပန်နိုင်ငံရောက် မြန်မာများ ရိုက်ကူးနေကြောင်း သိရသည်။
၂၀၀၈ မေလတွင် ဧရာဝတီတိုင်းအတွင်း နာဂစ် မုန်တိုင်း တိုက်ခတ်သည့် ဖြစ်ရပ်များကို နောက်ခံ ဇာတ်အိမ်ဖွဲ့ကာ ဂျပန်ရောက် မြန်မာနိုင်ငံသား ၅၀ နီးပါးဖြင့် ရိုက်ကူးနေခြင်း ဖြစ်ပြီး၊ ယခုနှစ် မေလထဲတွင် နိုင်ငံတကာသို့ ဖြန့်ချီရောင်းချကာ ရန်ပုံငွေ ရှာသွားမည် ဖြစ်သည်။
“မြစ်ဝကျွန်းပေါ်မှာ နာဂစ် မဖြစ်ခင်က နေခဲ့တဲ့ မိသားစု။ အဖေ၊ အမေနဲ့ ကလေးနှစ်ယောက်အကြောင်း အခြေခံ ရိုက်ထားတာပါ။ ဇာတ်လမ်းက ကျေးရွာ ရွာအိမ်မှူးရယ်၊ ဥက္ကဋ္ဌရယ်က အတိုးပေးစားလို့ အတိုးမဆပ်နိုင်လို့ အိမ်မှာရှိတဲ့ နွားလေးကို သိမ်းသွားတဲ့အကြောင်း ပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခိုက်တော့ သူ့ အဖေနဲ့ အမေ မုန်တိုင်းထဲ ပါသွားတယ်။ မောင်နှမ နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ပြန်တွေ့တယ်။ နောက်ပိုင်းမှာ ရွာကို တာဝန်ကျ စစ်ဗိုလ်က မောင်ဖြစ်သူကို စစ်တပ်ထဲ ခေါ်သွားတဲ့အကြောင်း ရိုက်ကူးထားတယ်” ဟု ဒါရိုက်တာအဖြစ် ရိုက်ကူးသူ ဦးဋ္ဌေးသစ်က မဇ္စျိမကို ပြောသည်။
မုန်တိုင်းသင့် မိသားစုဝင်များကို နိုင်ငံတကာမှ မမေ့ကြရန် ရည်ရွယ် ရိုက်ကူးခြင်းဖြစ်ပြီး ပြသချိန် ၁ နာရီခွဲ ကြာမြင့်မည်ဖြစ်ကာ မြန်မာစကားပြော၊ ဂျပန် အင်္ဂလိပ် ဘာသာတို့ဖြင့် စာတမ်းထိုးမည်ဖြစ်သည်။
ဦးဋ္ဌေးသစ်သည် မြန်မာနိုင်ငံတွင် နာမည်ကျော် ပန်းချီဆရာကြီး ဦးဘသစ်၏ သားဖြစ်ပြီး မြန်မာရုပ်ရှင် လောကတွင် ရုပ်ပြောင်းရုပ်လဲ မိတ်ကပ်ပညာရှင်နှင့် ဒီဇိုင်းပညာရှင်အဖြစ် ၁၅ နှစ်နီးပါး လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။
သူနှင့်အတူ ရုပ်ရှင်ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည်၏ မြေးဖြစ်သူ ကိုအောင်လင်းနိုင်က ပူးတွဲ တာဝန်ယူကာ ရိုက်ကူးခြင်း ဖြစ်သည်။ သူသည် ရန်ကုန်တွင် ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်ကို တည်းဖြတ် လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။
မုန်တိုင်းကြောင့် လူပေါင်း သောင်းပေါင်းများစွာ သေကြေ ပျောက်ဆုံးပြီးနောက် နိုင်ငံတကာ ကူညီထောက်ပံ့မှုများ ရောက်ရှိလာချိန်တွင် စစ်အစိုးရက ဟန့်တား နှောင့်ယှက်ခဲ့သည်ကိုပါ ဇာတ်လမ်းထဲတွင် ထည့်သွင်းထားသည်။
ဇာတ်ကား ဖြစ်မြောက်ရေးအတွက် ပါဝင် သရုပ်ဆောင်သူ အများစုသည် အခမဲ့ ဝိုင်းဝန်း ကူညီကြခြင်း ဖြစ်သည်။
“ကျနော်က ကြံ့ခိုင်ရေး ဥက္ကဋ္ဌ နေရာက သရုပ်ဆောင်ရတယ်။ စစ်တပ်နဲ့ ကြံ့ဖွံ့နဲ့ လက်ဝါးချင်း ရိုက်ပြီးတော့ ဒုက္ခသည်တွေကို ပေးတဲ့ ရိက္ခာတွေ မပေးဘဲ ရောင်းစားတဲ့ အခန်းကနေ သရုပ်ဆောင်ရတယ်။ ရသင့်ရထိုက်တဲ့ ဒုက္ခသည်တွေ လက်ထဲမှာ မရောက်ဘဲ ကြားမှာ ပျောက်ကွယ်သွားတဲ့ ကိစ္စတွေကို သရုပ်ဆောင်တဲ့ အခန်းမှာ ပါဝင် သရုပ်ဆောင်ခဲ့တယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုဝင်းအောင်က ပြောသည်။
လွန်ခဲ့သည့် ၆ လကျော်မှ စတင်ကာ ဂျပန်နိုင်ငံ ချီဘားမြို့ အနီး ပတ်ဝန်းကျင်တွင် လှည့်လည်ကာ ဇာတ်ကားကို ရိုက်ကူးလာခဲ့သည်။
“မြန်မာပြည်နဲ့ နီးစပ်တဲ့ ချောင်းတွေက ကျမတို့နေတဲ့ နေရာမှာ ရှိတယ်။ နာဂစ်လိုတော့ မဟုတ်ဘူး။ ပုံမှန် ရေတက်လာလို့ရှိရင် သစ်ပင်တွေပေါ်မှာ ဒိုက်တွေ ဘာတွေ ဖုံးတာတွေ ရှိတယ်။ မြန်မာပြည်နဲ့ တူတဲ့နေရာတွေ ကျမတို့နားမှာ ရှာဖွေထားတာ ရှိတယ်။ ကားရိုက်ဖို့အတွက် ရှာဖွေထားတာပေါ့။ အဲဒီလိုနေရာတွေ ကျမတို့နားမှာ တော်တော်များများ ရှိပါတယ်။ အဆောက်အဦး အနေနဲ့ကတော့ setting လုပ်ရတယ်” ဟု ဒါရိုက်တာ ဦးဋ္ဌေးသစ်၏ ဇနီးသည်က ပြောသည်။
သူက ဆက်ပြီး “ကုန်ကျစရိတ်အတွက် ငွေနဲ့ ကူညီတာတွေ ရှိတယ်။ လုပ်အားနဲ့ ကူညီတာတွေ ရှိတယ်။ ငွေအများဆုံး စိုက်ထုတ််ပြီး လုပ်နေတာက ကျမတို့ စိုက်ထုတ်ပြီး လုပ်နေတာပါ။ အခု အခြေအနေနဲ့ဆိုရင် ဂျပန်ယမ်းငွေနဲ့ သောင်းရာကျော်သွားပြီ။ အခု ကုန်ကျစရိတ်ကိုတော့ ခန့်မှန်းလို့ မရသေးဘူး” ဟု ဆိုသည်။
ဒါရိုက်တာဋ္ဌေးသစ်ကမူ ဂျပန် ယမ်းငွေ သောင်း ၁၅၀ ခန့် ကုန်ကျဖွယ်ရှိကြောင်း ပြောဆိုသည်။