ကရင်နီပြည် ဖာဆောင်းမြို့နယ် သာယာဂွင်တွင် အရွယ်အစား မရောက်သေးသည့် သစ်နုများခုတ်လှဲ ရောင်းချမှုများ ပြုလုပ်သောကြောင့် များမကြာမီတွင် သဲကန္တာရ ဖြစ်လာနိုင်သည်ဟု သစ်တောရေး လေ့လာသူများက ခန့်မှန်းကြသည်။
အမှတ် ၂ ခရိုင် ဖာဆောင်းဒေသရှိ အရွယ်မရောက်သေးသည့် ကျွန်းသစ်ငယ်များကို စစ်အစိုးရနှင့် အပစ်ရပ်ယူထားသည့် အဖွဲ့များက ခုတ်ထစ်၍ စစ်အစိုးရအား ပြန်လည်ရောင်းချနေခြင်း ဖြစ်သည်။
“[သစ်နုများသည်] နိုင်ငံခြား ပို့ကုန်သစ် အဖြစ်တော့ မရပါဘူး။ ပြည်တွင်း သုံးလောက်တော့ ရပါတယ်” ဟု အမည်မဖေါ်လိုသည့် ကရင်နီသစ်တောရေးရာဆိုင်ရာ လေ့လာနေသူတဦးက ပြောပါသည်။
ကရင်နီအပစ်ရပ်အဖွဲ့တို့က သစ်ခွဲစက်များကို စခွဲဒေသတွင်တလုံး၊ သာယာရွာ၏ အပေါ်ဘက်တွင်တလုံး ထားရှိကာ ဒေသတွင်းရှိ သစ်များကို ခုတ်လှဲရောင်းချကြသည်။ ကျွန်သစ်များ ကုန်ခန်းလာခဲ့သောကြောင့် ယခုအခါ သစ်နုများကိုပါ ခုတ်လှဲ၍ စစ်အစိုးရထံ ခုတ်ထစ်ရောင်းချနေလျက်ရှိသည်ဟု ဒေသခံမျက်မြင်များက ပြောသည်။
“ကရင်နီအစိုးရ သတ်မှတ်ထားတဲ့ ၃ ပေခွဲအထက်ပေါ့။ သတ်မှတ်ထားတယ်။ ဒါမဲ့ အခု ကျနော်တို့ သွားတွေ့တဲ့ သစ်တွေက ပေတွေ သတ်မှတ်ထားတဲ့အတိုင်း သူ့ဟာ မဟုတ်ဘူး။ ၂ ပေခွဲ ၃ ပေ၊ ၃ ပေခွဲတော့ ဝေးဝေးတလုံးတော့ တွေ့တယ်။ များသောအားဖြင့်တော့ အဲဒီ ရ၀ ရာခိုင်နှုန်းကတော့ ပေမပြည့်တဲ့ သစ်တွေပေါ့” ဟု အမှတ် ၂ ခရိုင်တွင် တာဝန်ယူ လှုပ်ရှားနေသော ကရင်နီတပ်မတော် တပ်ရင်း ၁ မှ ထောက်လှန်းရေးအရာရှိ စောခဲရိုက ပြောပါသည်။
သာယာဂွင်၌ ယခင်က နွေရာသီတွင် ရေတော်တော်များပြီး ဒူးဆစ်ခန့်ရှိသော်လည်း သစ်များ အဆမတန် ခုတ်ယူခြင်းကြောင့် ယခု ချိန်တွင် ဆောင်းရာသီ ဖြစ်နေသေးသော်လည်း ရေများ ခြေတလုံးလောက်သာ ရှိနေတော့သည်။
“သစ်တောဆိုင်ရာ ကိစ္စရပ်တွေမှာတော့ သစ်နုတွေနဲ့ အရွယ်မရောက်သေးတဲ့ သစ်တွေကို ခုတ်ခွင့်မရပါဘူး။ ကျနော်တို့ တိုင်းပြည်မှာက ဥပဒေမှ မရှိတာလေ သစ်တောကာကွယ်ခွင့်ဆိုတာ ဘယ်လို အခြေအနေလို့တောင် ပြောလို့ ရနိုင််ပါတယ်။ အမှန်တကယ်တော့ ဒီသစ်နုတွေခုတ်တာ ဥပဒေနဲ့ တင်းကျပ်စွာ ကာကွယ်မှုတွေ လုပ်ဖို့ လိုပါတယ်။ နောက်သစ်တော ထိန်းသိမ်းကာကွယ်မှုတွေ လုပ်ဖို့ အရမ်းလိုအပ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ နောက်ဖြစ်ပေါ်လာမယ့် အခြေခံဥပဒေမှာလည်း တိကျတဲ့ သစ်တော ဥပဒေတွေ ပါ၀င်ဖို့ လိုပါတယ်” ဟု ကရင်နီ သစ်တောရေးရာဆိုင်ရာ လေ့လာသူက သုံးသပ်ပြောဆိုသည်။
ကျွန်းသစ်စျေးများသည် လုံးတန် ၂၃၀၀၀၀ ကျပ် ၀န်းကျင်လောက် ရှိပြီး ခွဲသားများသည် ၃ သိန်း ၀န်းကျင်ခန့် ရှိပါသည်။ အရွယ် မရောက်သေးသော သစ်များမှာ လုံးတန် ၁၂၀၀၀၀ လောက်ရှိသည်။ ဘောလခဲ၊ ရှားတောနှင့် လောပိတ ဘက်ခြမ်းတွင် ခုတ်ကြပြီး ကျွန်းသစ်၊ အင်ကြင်း၊ သစ်ရာနှင့် သစ်မာများကို သံလွင်နံဘေး တောက်လျှောက်တွင် ခုတ်ယူကြသည်။
Published
Tuesday, January 5, 2010 - 22:22
ကရင်နီပြည်တွင် အရွယ်မရောက်သေးသော သစ်နုများ ဖျက်ဆီးခြင်း ခံနေရ
ကရင်နီပြည် ဖာဆောင်းမြို့နယ် သာယာဂွင်တွင် အရွယ်အစား မရောက်သေးသည့် သစ်နုများခုတ်လှဲ ရောင်းချမှုများ ပြုလုပ်သောကြောင့် များမကြာမီတွင် သဲကန္တာရ ဖြစ်လာနိုင်သည်ဟု သစ်တောရေး လေ့လာသူများက...